menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၃၀ . ၉ . ၂၀၂၄ မှ ၄ . ၁၀ . ၂၀၂၄)

🫘🫛🫘🫛🫘🫛🫘🫛🫘🫛🫘

မတ်ပဲ 
-----
အရင်တပတ်ကစျေးအတက်ပြခဲ့တဲ့မတ်ပဲက ခုတစ်ပတ်မှာ တစ်တန်ကို ၆၀,၀၀၀ ကနေ ၂၀၀,၀၀၀ လောက်ဈေးပြန်ကျဆင်းပါတယ်။ FOB စျေးနှုန်းမကျပေမယ့် အိန္ဒိယကအဝယ်အေးခြင်း၊ ပြည်တွင်းမှာလည်းမတ်ပဲလက်ကျန်နည်းပြီး ကုန်စည်ဒိုင်တွေကို မတ်ပဲအဝင်နည်းခြင်း၊ ရန်ကုန်အဝယ်အေးတာကြောင့်စျေးပြန်ကျတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ခုတစ်ပတ် တနင်္လာနေ့က ၃,၉၄၅,၀၀၀ ရှိပြီး အင်္ဂါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃,၉၀၆,၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃,၈၆၉,၀၀၀၊ ကြာသပတေးနေ့မှာ ၃,၈၄၀,၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃,၈၁၀,၀၀၀ ကျပ် ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀,၀၀၀ လောက်ကနေ ၂ သိန်းလောက်အထိ ဆက်တိုက်ပြန်ကျလာပါတယ်။ မန္တလေးစျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၇၀,၀၀၀ မှ ၃၇၅,၀၀၀ ကျပ် ရှိလို့အရင်တစ်ပတ်ကထက် ၁၀,၀၀၀ ကျပ် ဈေးကျပါတယ်။ 

ပဲစင်းငုံ 
------ 
ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးနှုန်း ဆက်တိုက်ကျဆင်းပြီး အကျကြမ်းတဲ့အခြေအနေရှိပါတယ်။ ပဲစင်းငုံကို ပြည်ပတင်ပို့မှုရှိပေမယ့် ဝယ်လိုအားအေးတာကြောင့် FOB စျေးမကျပေမယ့် နိုင်ငံခြားငွေ စျေးကျတဲ့အတွက် စျေးကွက်လည်းကျဆင်းနေတာပါ။ စျေးကျသလို ပြည်တွင်းမှာလည်း ပဲစင်းငုံနီက ဝယ်လက် မရှိသလောက်ဖြစ်နေပြီး အရောင်းအဝယ်လည်းအေးပါတယ်။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄,၇၂၅,၀၀၀၊ အင်္ဂါနေ့က ၄,၆၀၀,၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၄,၅၅၀,၀၀၀၊ ကြာသပတေးနေ့မှာ ၄,၅၀၀,၀၀၀၊ သောကြာနေ့မှာ ၄,၄၅၀,၀၀၀ ကျပ်ရှိပါတယ်။ ဒါကြောင့်အရက်တစ်ပတ်နဲ့ယှဥ်ရင် ခုတစ်ပတ်အတွင်းမှာ တစ်တန်ကို ၇၀,၀၀၀ ကနေ ၅သိန်းလောက်အထိ စျေးကျပါတယ်။ မန္တလေးစျေးကွက်မှာတော့ ခုတစ်ပတ်မှာလည်း ပဲစင်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

ကုလားပဲ 
-------
ကုလားပဲက လက်ကျန်းနည်းနေပေမယ့်လည်း ပဲခွဲစက်တွေက အဝယ်အေးနေတာကြောင့် ကုလားပဲစျေးကွက် အေးနေတဲ့အတွက် စျေးတန်းကလည်း နည်းနည်းထပ်ကျလာပါတယ်။ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်းဝင် တစ်အိတ်က ၃၁၂,၀၀၀ မှ ၃၁၃,၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၃၄၅,၀၀၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) က ၂၈၄,၀၀၀ မှ ၂၈၅,၀၀၀ ကျပ်၊ ကုလားပဲ 929 က ၂၉၂,၀၀၀ မှ ၂၉၃,၀၀၀ ကျပ်ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် V2 က အတက်အကျမရှိပေမယ့် V7 က တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ကျပြီး ကုလားပဲထိုင်ဝမ်က ၁,၀၀၀ ကျပ်နဲ့ ကုလားပဲ 929 ကတော့တစ်အိတ်ကို ၃,၀၀၀ ကျပ် စျေးကျပါတယ်။ 

စားတော်ပဲ 
---------
စားတော်ပဲက ပြည်တွင်းစားသုံးမှုသာအဓိကဖြစ်လို့ ပြည်တွင်းဝယ်လိုအား၊ စားသုံးအား၊ လက်ကျန်အခြေအနေပေါ်လိုက်ပြီး စျေးကအတက်အကျ ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာ အရင်တစ်ပတ်ကစျေးအတိုင်း တစ်ပိဿာကို ၇,၀၀၀ မှ ၇,၆၇၀ ကျပ် နဲ့ငြိမ်နေပါတယ်။ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၅၉ . ၂၅ပိဿာကို ၅၈၅,၀၀၀ ကျပ် ရှိပြီး စားတော်ပဲကျွန်းက ၃၈၅,၀၀၀ ကျပ်ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် စားတော်ပဲ ကနေဒါက ၁၀,၀၀၀ ကျပ် ဈေးတက်ပြီး စားတော်ပဲကျွန်းက ၁၀,၀၀၀ လောက် ဈေးကျပါတယ်။ 

ပဲတီစိမ်း 
------ 
ပဲတီစိမ်းကတော့ အရင်တစ်ပတ်ကအတိုင်းစျေးဆက်ငြိမ်နေပါတယ်။ ပြည်တွင်းမှာ လက်ကျန် မရှိသလောက်နည်းနေပြီး အရောင်းအဝယ်လည်းအေးနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မတို့က တစ်ပိဿာ ကို ၄,၃၃၀ ကနေ ၅,၈၅၀ ကြား ပေါက်ဈေးရှိနေပြီးဈေးငြိမ်နေတာပါ။ မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၁၉၀,၀၀၀ မှ ၂၄၀,၀၀၀ ဈေးရှိပါတယ်။ 

Sources : AMIA (Farmer Digital TV)