menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၂၈ . ၁၀ . ၂၀၂၄ မှ ၁. ၁၁ . ၂၀၂၄ )

🫘🌽🫛🧄🫛🫘🫛🧄🫛🌽🫘

မတ်ပဲ
-----
အရင်တစ်ပတ်က စျေးတက်လာတဲ့မတ်ပဲက ဒီတစ်ပတ်မှာဈေးပြန်ကျဆင်းသွားပါတယ်။ အိန္ဒိယကဒီပါဝလီပွဲတော်ကျင်းပနေခြင်းကြောင့် ပဲဝယ်လိုအားနည်းနေတဲ့အတွက် အရောင်းအဝယ် အေးပြီး စျေးတန်းပြန်ကျတာဖြစ်ပါတယ်။ ပြည်တွင်းမှာလည်းလက်ကျန်က နည်းလာနေပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာလည်း လက်ရှိမတ်ပဲက ဈေးငြိမ်နေပေမယ့် ပွဲတော်ကာလအပြီးမှာတော့ ဈေးက ပြန်ကျဆင်းနိုင်တယ်လို့ အိန္ဒိယသတင်းတွေအရ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ကုန်စည်ဒိုင်တွေဖွင့်တဲ့ တနင်္လာနေ့မှာ ၃,၇၅၇,၀၀၀၊ အင်္ဂါနေ့က ၃,၇၅၅,၀၀၀၊ ဗုဒ္ဓဟူးနေ့က ၃,၇၃၀,၀၀၀၊ ကြာသပတေးနေ့မှာ ၃,၆၉၉,၀၀၀ ကျပ် ရှိပါတယ်။ အရင်တစ်ပတ်ကထက် တစ်တန်ကို ၁ သိန်းကျော်လောက်အထိ စျေးပြန်ကျပါတယ်။ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၉၃၀ ကနေ ၉၄၀ ရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၀၀,၀၀၀ မှ ၃၅၀,၀၀၀ ကျပ် ရှိပါတယ်။ 

ပဲစင်းငုံ 
------
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်ကဈေးပြန်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်း လာပါတယ်။ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၉.၅ သန်းကျော်ကို အောက်တိုဘာ (၃၀) ရက်နေ့က ထုတ်ရောင်းပေးခဲ့တဲ့အတွက် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေကျဆင်းပြီး ဈေးလည်းကျဆင်းသွား တာဖြစ်ပါတယ်။ FOB ဈေးက ပြန်ပြီးမြင့်တက်လာပေမယ့် ငွေလဲလှယ်နှုန်းကြောင့် ဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ပဲက ဝယ်လက်မရှိသလောက်ဖြစ်နေပြီး အရောင်းအဝယ်အေးကာ ပြည်ပဝယ်လိုအားလည်း ပုံမှန်လောက်သာရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄,၂၁၂,၀၀၀၊ အင်္ဂါနေ့က ၄,၂၀၀,၀၀၀၊ ဗုဒ္ဓဟူးနေ့က ၄,၁၆၂,၀၀၀၊ ကြာသပတေးနေ့မှာ ၄,၀၇၅,၀၀၀ ကျပ် ရှိလို့ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၃ သိန်းဝန်းကျင်လောက်စျေးကျပါတယ်။ FOB ဈေးကတော့ တစ်တန်ကို ၁,၀၃၀ မှ ၁,၀၄၀ ရှိပြီး တစ်တန်ကို ဒေါ်လာ ၄၀ လောက် ဈေးပြန်မြင့်တက်ပါတယ်။ မန္တလေးစျေးကွက်မှာတော့ ခုတစ်ပတ်လည်း ပဲစင်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

ပြောင်း
------
ပြောင်းဆံဈေးကတော့ ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အသစ်တွေပေါ်နေပြီး ပြည်ပကလည်း ဝယ်လိုအားရှိနေပါတယ်။ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ဝယ်ယူမှု ရှိနေတဲ့အတွက် ဈေးမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ (၃၁) ရက်နေ့ကတော့ မြန်မာ့ပြောင်းဆံတွေကို တင်သွင်းမှုပြုလုပ်နေတဲ့ထိုင်းကုမ္ပဏီတွေက တောင်ယာမီးရှို့ခြင်း နဲ့ သစ်တောပြုန်းတီးမှု ဒဏ်ခံရတဲ့ ဒေသတွေကနေ ပြောင်းဆံတွေကို ဝယ်ယူမှု မပြုလုပ်ဘူးလို့ ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁,၅၂၀ မှ ၁,၅၄၀ ကျပ် ဈေးရှိပြီး ၄၀ ကျပ် တက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၅,၅၀၀ မှ ၇၆,၀၀၀ ကျပ် ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း(ရှမ်း) ၅၄ ပိဿာကို ၇၇,၀၀၀ မှ ၇၈,၀၀၀ ကျပ် စျေးရှိပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် တစ်အိတ်ကို ၂,၀၀၀ မှ ၃,၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ
----------
ဈေးကွက်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်)ရော ရှမ်းပါ ဈေးတွေမြင့်တက်လာပါတယ်။ တရုတ်ကနေ ကြက်သွန်အဝင်နည်းသလို ရှမ်းကြက်သွန်တွေကလည်းသယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့ ပျက်စီးမှုတွေကြောင့် ပစ္စည်းအဝင်နည်းပြီး စျေးတက်လာတာလို့ သိရပါတယ်။ နေ့စဉ် ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို ပိဿာချိန် ၆၀၀၀ လောက်သာ အဝင်ရှိပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ကြူကုတ်က တစ်ပိဿာကို အမြင့်ဆုံးဈေး ၁၇,၀၀၀ နဲ့ ဈေးမဖွင့်တော့ပေမယ့် ပြင်ပ အရောင်းအဝယ်မှာတော့ တစ်ပိဿာကို ၂၀,၀၀၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။ ရှမ်းကြက်သွန်ဖြူဖြစ်တဲ့ ထူး၂က ၁၃,၅၀၀၊ ထူး၃က ၁၄,၅၀၀၊ ထူး၄က ၁၅,၅၀၀၊ ထူး၅က ၁၆,၅၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်ပိဿာကို ၂,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာလည်း အောင်ပန်း ထူး၂ တစ်ပိဿာကို ၁၂,၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃,၅၀၀ ကျပ်၊ အောင်ပန်းထူး ၄က ၁၄,၅၀၀ ကျပ်၊ အောင်ပန်းထူး ၅က တစ်ပိဿာကို ၁၅,၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၂,၈၀၀ လောက်တက်လာပါတယ်။ ကြူကုတ်ကတော့ ၂၀,၀၀၀ ကျပ် စျေးရှိပါတယ်။ 

Sources : AMIA (Farmer Digital TV)