menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၂.၅.၂၀၂၂ မှ ၆.၅.၂၀၂၂)


🌾🌿🌱🌿🌾🌱🌾🌿🌱🌿🌾

ဆန်၊စပါး
-------

 ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းတွေ ဈေးပြန်တက်လာပါတယ်။ ဆန်ချောအချို့ လည်း ဈေးတက်လာပါတယ်။ နယ်ဈေးကွက်တွေမှာတော့ ဆန်စပါးဈေးတွေက အတက်ဈေးနဲ့ ငြိမ်နေ ပါတယ်။ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၄၈,၀၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ ဆန်ကတော့ တစ်အိတ် ၂၉,၅၀၀ မှ ၃၀,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ကျပ်၊ မြီးဒုံးဆန်ကတော့ တစ်အိတ်ကို ၃၈,၀၀၀ ကနေ ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ကျပ်၊ ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၂၇,၅၀၀ ကနေ ၂၈,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၃၀,၀၀၀ ကနေ ၃၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ဧရာဝတီတိုင်းမှာတော့ ပြီးခဲ့တဲ့အပတ်ကအတိုင်းပဲ အတက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ 

မတ်ပဲ
-----

 မတ်ပဲကတော့ တစ်ပတ်အတွင်း အတက်အကျအပြောင်းအလဲရှိနေပြီး နေ့စဉ်အတက်အကျကလည်း အနည်းငယ်သာရှိပါတယ်။ အိန္ဒိယနိုင်ငံမှာပါ မတ်ပဲဈေးတွေကျဆင်းနေပြီး အဝယ်လည်းနည်းနေတယ် လို့ သိရပါတယ်။ လက်ရှိမှာလည်းငွေကြေးလဲလှယ်မှုကြောင့် တင်ပို့မှုကလည်းလျော့နည်းနေတယ်လို့ သိရပါတယ်။ တင်ပို့မှုသက်တမ်းက တစ်နှစ်တိုးထားတဲ့အတွက်ကြောင့် ပြောင်းလဲနိုင်မယ်အခြေအနေတွေကို စောင့်ကြည့်ရောင်းဝယ်နေတယ်လို့ ကုန်သည်အချို့ထံကနေ သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၁,၄၆၀,၀၀၀ ကျော် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ထောင်ဂဏန်းလောက်သာ အပြောင်းအလဲရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၁၄၃,၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၁,၀၀၀ လောက်ဈေးကျဆင်းပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
-------

 ပဲစင်းငုံနီကတော့ တစ်ပတ်လုံး အရောင်းအဝယ်အေးနေပြီး ဈေးကတော့ ပြီးခဲ့တဲ့အပတ်ကတည်းကဈေး အတိုင်း ပြောင်းလဲမှုမရှိပါဘူး။ အိန္ဒိယဈေးကွက်မှာလည်း ပဲအဝင်တွေများနေပြီးနှစ်ပတ်ဆက်တိုက် ဈေးကျဆင်းနေတယ်လို့ သိရပါတယ်။ ပြည်တွင်းငွေကြေးလဲလှယ်မှုအခြေအနေတွေအပြင် ဒေသတွင်း ပဲ ဝင်ရောက်မှုများနေတဲ့အတွက်ကြောင့် အိန္ဒိယကုန်သည်တွေကလည်း စောင့်ကြည့်ဝယ်ယူမှုတွေရှိတယ်လို့သိရပါတယ်။ မြန်မာကုန်သည်တွေကလည်း တင်ပို့မှုသက်တမ်းက တစ်နှစ်ဖြစ်တဲ့အတွက်ကြောင့် အခြေအနေစောင့်ကြည့်ပြီး အရောင်းအဝယ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

 ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၃၇၀,၀၀၀ကျော် ပေါက်ဈေးနဲ့ တစ်ပတ်တာလုံး ငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၈,၀၀၀ ကနေ ၁၂၉,၀၀၀ ကြား ပေါက်ဈေးရှိပြီးငြိမ်ပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၆၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၆၀၀ကျပ်ဈေးကျဆင်းပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက်မှာတော့ ၄၂,၆၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေး တက်လာပါတယ်။

ပဲတီစိမ်း
------

 ပဲတီစိမ်းတွေကတော့ အထက်ဒေသမှာ အသစ်တွေထွက်ရှိနေပြီး အောက်ဘက်မှာတော့ လက်ကျန်မရှိတော့သလောက်နည်းသွားတဲ့အတွက် အရောင်းအဝယ်ကောင်းနေပြီး ဈေးကောင်း ရရှိနေတယ်လို့သိရပါတယ်။ တရုတ်တင်ပို့မှုကလည်းရှိနေပြီး ထွက်ရှိမှုနှုန်းလျော့ကျနိုင်မယ်ဆိုတဲ့ခန့်မှန်းချက်တွေကြောင့် ဝင်သလောက် အဝယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ) က တစ်ပိဿာ ၂,၅၀၀ ကနေ ၂,၆၃၅ ကျပ် ရှိပြီးတစ်ပိဿာကို ၅၀ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ) ကတော့ တစ်ပိဿာကို ၂,၃၃၀ ကနေ ၂,၅၃၅ ပေါက်ဈေးရှိနေပြီး ၈၀ ကျပ် ဈေးတက်လာပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)ကလည်း တစ်ပိဿာကို ၂,၁၃၀ မှ ၂,၁၈၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ အသစ်တွေဈေးကွက်ထဲ ဝင်နေပြီး တစ်အိတ်ကို ၁၃၈,၀၀၀ ကနေ ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၄,၀၀၀ ကနေ ၃၈,၅၀၀ ပေါက်ဈေး ရှိပြီးတစ်တင်းကို ၄,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၄၆,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄,၅၀၀ ကျပ်ဈေး တက်လာပါတယ်။

ကုလားပဲ
-------

 အတက်ဈေးနဲ့ ရက်အတန်ကြာငြိမ်နေတဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ကျဆင်းသွား ပါတယ်။ အဝင်အနည်းငယ်များပြီး အဝယ်လျော့လို့ ဈေးကျဆင်းတယ်လို့သိရပါတယ်။ အချို့ဒေသတွေမှာတော့ အဝင်နည်းတဲ့ ကုလားပဲအမျိုးအစားတွေကတော့ ဈေးတက်ပါတယ်။ ကုလားပဲကတော့ အထွက်နည်းနိုင်တဲ့အတွက် အများကြီးတော့ ကျဆင်းမှုမရှိဘူးလို့ကုန်သည်တွေက ဆိုပါတယ်။

 ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂,၂၁၅ ကနေ ၂,၂၅၀ ကျပ်ပေါက်ဈေးရှိပြီး တစ် ပိဿာကို ၈၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၂,၂၈၀ ကနေ ၂,၃၈၅ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲထိုင်ဝမ်က တစ်အိတ်ကို ၁၁၉,၀၀၀ ကနေ ၁၂၂,၀၀၀ ပေါက်ဈေး၊ ကုလားပဲV2က တစ်အိတ်ကို ၁၃၂,၀၀၀ ကနေ ၁၃၃,၀၀၀ ပေါက်ဈေး၊ V7ကတော့ တစ်အိတ်ကို ၁၃၅,၀၀၀ ပေါက်ဈေး ရှိပြီးဈေးငြိမ်ပါတယ်။ ကုလားပဲ ၉၂၉ ကတော့ တစ်အိတ်ကို ၁၂၄,၅၀၀ ရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။၊ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) က တစ်တင်းကို ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ ကုလားပဲ ၉၂၉ က တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်ဈေးတက်လာပြီး ၊ ကုလားပဲV2 က တစ်တင်းကို ၄၄,၅၀၀ ပေါက်ဈေးနဲ့ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက် မှာတော့ ကုလားပဲ ဟော်လန်က တစ်တင်းကို ၄၄,၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်၊ ကုလားပဲမြကြေး က တစ်တင်းကို ၄၅,၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲကြီး 
----

 ပဲကြီးကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်နေပါတယ်။ ပဲကြော်သူတွေအများအပြား ဝယ်ယူမှု ရှိတယ် လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း)က တစ်ပိဿာ ကို ၃,၂၁၅ မှ ၃,၃၉၅ ပေါက်ဈေးရှိပြီး ၉၀ ကျပ်၊ ပဲကြီး(ရွှေကျွန်း)ကတော့ တစ်ပိဿာကို ၃,၇၁၅ မှ ၄,၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၄၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က)က တစ်အိတ်ကို ၁၉၀,၀၀၀ ကနေ ၂၀၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်၊ ပဲကြီး(လ) က တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၁၈၈,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်၊ ပဲကြီး(သေး) ကတော့ တစ်အိတ်ကို ၁၆၅,၀၀၀ ကနေ ၁၇၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ် အသီးသီးဈေး မြင့်တက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က တစ်တင်းကို ၅၉,၀၀၀ ကနေ ၆၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၆၀,၀၀၀ ကနေ ၆၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲပုတ်
-----

 ပဲပုတ်ဈေးတွေကတော့ နယ်ဈေးကွက်တွေမှာ ကျဆင်းသွားပါပြီး ရန်ကုန်ဈေးကွက်မှာတော့ ဈေးတက်နေပါတယ်။ မန်းဈေးကွက်မှာတော့ အသစ်တွေအဝင်များနေလို့ဈေးကျဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(အထွက်တိုး)က တစ်ပိဿာကို ၂,၉၆၅ မှ ၃,၀၈၅ ပေါက်ဈေးရှိပြီး ၈၅ ကျပ်၊ ပဲပုတ်(ဆီတိုး)ကတော့ တစ်ပိဿာကို ၂,၈၃၀ ကနေ ၂,၉၂၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးလေးဈေးကွက်မှာတော့ ပဲပုတ်(ဗမာ) တစ်အိတ်ကို ၁၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်၊ ပဲပုတ်(ရှမ်း)ကတော့ တစ်အိတ်ကို ၁၃၈,၀၀၀ ကနေ ၁၄၇,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၇,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဆီ
--

 စားအုန်းဆီကတော့ ပြီးခဲ့တဲ့အပတ်ကဈေးတက်ပေမယ့် စီးပွားကူးသန်းမှ စားအုန်းဆီ နဲ့ပတ်သတ်ပြီး ဈေးတင်ရောင်းချမှုတွေပြုလုပ်ပါက အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပြင် ဆီတင်သွင်းမှု နှင့်ပတ်သတ်ပြီးအင်ဒိုနီးရှားမှာ ရုတ်သိမ်းဖွယ်ရှိတယ်ဆိုတဲ့ သတင်းများကြောင့် တစ်ပတ်အတွင်း ဈေးတွေက ငြိမ်သွားပြီး အခြားဆီဈေးတွေလည်း ပြန်ကျဆင်းသွားပါတယ်။ လက်ရှိမှာတော့စားအုန်းဆီက တစ်ပိဿာကို ၅,၆၀၀ ဖြင့် ဆီကုန်သည်အသင်းက ရောင်းချပေးနေပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆,၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။ စားအုန်းဆီဈေးတွေ ပြန်ကျဆင်းသွားတဲ့အတွက်ကြောင့် မြေပဲဆီကလည်း ဈေးပြန်လည်ကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၇,၅၀၀ ကနေ ၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၇,၅၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ဈေးပြန်ကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)