menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၀.၆.၂၀၂၂ မှ ၂၄.၆.၂၀၂၂)


🌾🌿🧅🧄🍀🍀🧄🧅🌿🌾

🌾ဆန်၊စပါး🌾

ရန်ကုန်ဈေးကွက်မှာတော့ ဆန်အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့အေးနေပါတယ်။ နယ်ဈေးကွက်တွေမှာတော့ ဈေးကွက်အတွင်း ဈေးတွေဆက်တိုက်မြင့်တက်နေပေမယ့် ပစ္စည်းမရှိတော့ဘူးလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်မျိုးစုံဈေးငြိမ်နေပေမယ့် ရွှေဘိုပေါ်ဆန်းဆန်ကတော့တစ်အိတ်ကို ၅၄,၀၀၀ ကနေ ၆၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ပုသိမ်ပေါ်ဆန်းစပါးကတင်း ၁၀၀ ကို ၁,၂၂၇,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၄၉,၀၀၀ နဲ့ဈေးငြိမ်ပါတယ်။ ပုသိမ်ဧည့်မထ(မိုး)ကတော့ တင်း ၁၀၀ ကို ၈၅၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၈,၀၀၀ ကျပ်၊ ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၈၁၀,၀၀၀ ပေါက်ဈေးရှိပြီး ၃၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကြမ်းဈေးကတော့ငြိမ်ပါတယ်။ မြောင်းမြဧည့်မထစပါး(မိုး) ကတော့ ၈၉၂,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်၊ ဧည့်မထ (နွေ)ကတော့ တင်း ၁၀၀ ကို ၈၄၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ဈေးကတော့ ထပ်ပြီးတက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

🌿မတ်ပဲ🌿

မတ်ပဲကတော့ တစ်တန်ကို ၁၆သိန်းကျော်အထိ ပေါက်ဈေးရှိလာခဲ့ပေမယ့် တစ်ပတ်အတွင်းမှာတော့ အတက်အကျအနည်းငယ်နဲ့သာ အပြောင်းအလဲရှိပါတယ်။ အမြင့်ဈေးနဲ့ဝယ်ယူရောင်းချမှုတွေရှိတဲ့ အတွက် ထိန်းရောင်းဝယ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ အိန္ဒိယ ပဲလိုအပ်ချက်တွေ ရှိနေတဲ့အတွက် ပြည်တွင်းပဲကုန်သည်တွေအနေနဲ့ ဝယ်ယူသိုလှောင်မှုတွေရှိနေပြီး ဈေးတွေ တက်လာတာဖြစ်ပါတယ်။ ပဲဈေးက ဆက်ပြီးတက်နိုင်ဦးမယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူအခြေအနေမှာတော့ တစ်တန်ကို ၁၀သိန်းကျော်ပေါက်ဈေးရှိခဲ့ပြီး မိုးအကုန် မှာတော့တစ်တန်ကို ၁၃ သိန်းထိ မြင့်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆သိန်း ၂သောင်းပတ်ချာလည် ပေါက်ဈေးရှိနေပြီး အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၄,၀၀၀ ကနေ ၁၅၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၀,၀၀၀ ကနေ ၅၃,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ လောက် ဈေးတက်လာပါတယ်။

🧅ကြက်သွန်နီ🧅

ပြီးခဲ့တဲ့အပတ်ကအထိ ဆက်တိုက်ဈေးမြင့်တက်နေတဲ့ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ နေရာပေါင်းစုံက ကြက်သွန်တွေဈေးကွက်ထဲကိုဝင်နေပြီး အဝင်ထိန်းနေပေမယ့် အရည်အသွေးသိပ်မကောင်းလို့ ဈေးကဆက်မတက်ပဲ တန့်သွားတာဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ ဆက်ပြီးမတက်ပေမယ့်အတက်ဈေးနဲ့ပဲ ရှိနေလို့ အခြေအနေမဆိုးသေးဘူးလို့ တောင်သူတွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ နေ့စဉ် ကားအဝင် က ၁၀ စီးကနေ အစီး၂၀ လောက်သာအဝင်ရှိနေတဲ့အတွက် ဈေးကအတက်ဈေးနဲ့တန့်နေတာဖြစ်ပါတယ်။ ကြက်သွန်နီ နယ်စုံက တစ်ပိဿာကို ၁,၂၀၀ ကနေ ၁,၉၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ပြန်ကျဆင်းသွားပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိသာကို ၆၀၀ ကနေ ၁,၅၅၀ ထိ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ကျပ် ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၉၀၀ ကနေ ၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

🧄ကြက်သွန်ဖြူ🧄

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးကျဆင်းနေရာမှ ဒီတစ်ပတ်အနည်းငယ်ပြန်တက်လာပါတယ်။ အဝင်နည်းလို့ ဈေးပြန်တက်လာတာဖြစ်ပေမယ့် အဝယ်ကတော့ နည်းနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၈၀၀ ကနေ ၃,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ပြန်တက်လာပါတယ်။ ရှမ်းကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်လောက်ကတည်းက ဈေးက တက်နေပြီး ဒီတစ်ပတ်မှာလည်း ထပ်ပြီး တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၃၀၀ ကနေ ၃,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက် မှာတော့ တစ်ပိဿာကို ၃,၃၀၀ ကနေ ၃,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး တက်လာပါတယ်။

🍀နှမ်းဖြူ🍀

နှမ်းဖြူဈေးကလည်း ဆက်တိုက်ဈေးတက်လာပါတယ်။ အဝယ်များနေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၉၅,၀၀၀ ကနေ ၂၀၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၆၂,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

🍀နှမ်းညို🍀

နှမ်းညိုကတော့ပြီးခဲ့တဲ့အပတ်က ဈေးတွေတက်လာပေမယ့် အသစ်တွေ ဈေးကွက်ထဲ အဝင်များလာ တဲ့အတွက်ဈေးက ပြန်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းညိုအသစ်ကတော့ တစ်အိတ်ကို ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ နှမ်းညို အဟောင်း ကတော့ ၁၅၅,၀၀၀ ကနေ ၁၆၀,၀၀၀ ကြားပေါက်ဈေးရှိပေမယ့် လက်ကျန်က မရှိသလောက် နည်းသွားပြီလို့သိရပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၅၆,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၅၃,၅၀၀ ပေါက်ဈေးနဲ့ အရောင်းအဝယ် ရှိနေပါတယ်။

Sources : AMIA (Farmer Digital TV)