menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၄ . ၁၁ . ၂၀၂၂ မှ ၁၈ . ၁၁ . ၂၀၂၂)


🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿

မတ်ပဲ
-----

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကနဲ့ယှဉ်ရင် အနည်းငယ်ဈေးကျဆင်းပါတယ်။ မတ်ပဲအခြေအနေကတော့ အိန္ဒိယနိုင်ငံမှာလည်း အရည်အသွေးနဲ့အဝင်ပေါ်မူတည်နေပြီး အတက်အကျအပြောင်းအလဲရှိပေမယ့် မြန်မာပြည်တွင်းမှာတော့ ပြည်ပတင်ပို့မှုအခြေအနေ၊ ငွေကြေးအပြောင်းအလဲ အခြေအနေတို့ပေါ်တည် ပြီး ဈေးကွက်တည်ငြိမ်မှုမရှိပါဘူး။ ထို့ပြင် ပွဲတော်ကာလပိတ်ရက်များနေတဲ့ကာလဖြစ်တဲ့အတွက် အရောင်းကတော့များနေပြီး ငွေကြေးလဲလှယ်နှုန်းဈေးကကျဆင်းသွားတဲ့အတွက်ကြောင့် ပဲဈေးတွေက ဆက်တိုက်ပြန်ကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၇ သိန်း ၆ သောင်းကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့တစ်ပတ်နဲ့ ယှဉ်ရင်တော့ ၃ သောင်းလောက်ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၁၇၂,၀၀၀ အထိ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ လောက်ဈေးကျဆင်းပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲက တစ်တင်း ကို ၅၈,၅၀၀ ကနေ ၆၀,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ဈေးပြန်ကျဆင်းပါတယ်။

ပဲစင်းငုံနီ
-------

ပဲစင်းငုံနီကတော့ ဆက်တိုက်ဈေးပြန်ကျဆင်းနေပါတယ်။ ပဲလက်ကျန်ကလည်း မရှိတော့တဲ့အတွက် အရောင်းအဝယ်ကလည်း အေးနေတဲ့အခြေအနေဖြစ်ပါတယ်။ သိပ်မကြာခင် အသစ်တွေ ဈေးကွက်ထဲ ဝင်တော့မှာဖြစ်လို့ ဈေးကို အကျဈေးနဲ့ဖွင့်နေတယ်လို့ ကုန်သည်တွေကတော့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၈ သိန်း ၄ သောင်းပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ တစ်ပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၆ သောင်းကျော်ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ အရောင်းအဝယ်မရှိဈေးမဖွင့်တာ ၃ ပတ်ဆက်တိုက်ရှိနေပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မြင်းခြံ နှင့် မုံရွာတို့မှာတော့ တစ်တင်းကို ၅၈,၀၀၀ မှ ၅၉,၀၀၀ ရှိနေပြီး အရောင်းအဝယ်ကတော့ မရှိပါဘူး။

ပဲကြီး
----

ပဲကြီးကတော့ လက်ကျန်မရှိသလောက်နည်းသွားပြီး ဈေးကလည်းကျဆင်းသွားပါတယ်။ အရောင်းအ ဝယ်ကလည်း မရှိသလောက် ဖြစ်နေပါတယ်။ အချို့ဒေသများမှာတော့ အရောင်းအဝယ်မရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ရွှေကျွန်း)က တစ်ပိဿာကို ၄,၀၈၅ ကနေ ၄,၅၁၅ ပေါက်ဈေးရှိပြီး အကျဈေးနဲ့ ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၁၉၅,၀၀၀ ကနေ ၂၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာလည်း ပဲကြီးကတစ်တင်းကို ၇၀,၀၀၀ ကနေ ၇၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

နှမ်းမျိုးစုံ
-------

နှမ်းသစ်တွေက ဈေးကွက်ထဲဆက်တိုက်အဝင်ရှိနေတဲ့အတွက် ဈေးကတော့ ဆက်ပြီး ကျဆင်းနေ ပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ရှိနေတာ ဖြစ်တဲ့အတွက် အက်ဆစ်လွတ် အရည် အသွေးကောင်းတဲ့ နှမ်းတွေကတော့ ဈေးအနည်းငယ်ပိုရနေတယ်လို့သိရပါတယ်။

နှမ်းနက်(စမုံ)
-----------

နှမ်းနက်(စမုံ)ကတော့ တစ်အိတ်ကို ၂၂၅,၀၀၀ ကနေ ၂၇၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၅,၀၀၀ လောက်ဈေးကျဆင်းပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၂၃၀,၀၀၀ ကနေ ၂၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

နှမ်းဖြူ
-----

နှမ်းဖြူကတော့ အဝင်နဲ့အရောင်းပေါ်မူတည်ပြီးဈေးကတော့ သိပ်အပြောင်းအလဲမရှိပါဘူး။ တစ်အိတ်ကို ၂၅၈,၀၀၀ ကနေ ၂၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကိုတော့ ၂,၀၀၀ ကနေ ၅,၀၀၀ ကြား သားအတက်အကျရှိနေပါတယ်။ မုံရွာဈေးကွက်မှာတော့ နှမ်းဖြူကတစ်တင်းကို ၇၅,၀၀၀ ကနေ ၈၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းညို
-----

နှမ်းညိုကတော့ အသစ်တွေလည်းဈေးကွက်ထဲကို ဝင်ပေမယ့် ဈေးငြိမ်နေတဲ့အခြေအနေ ရှိပါတယ်။ တစ်အိတ်ကို အသစ်က ၂၂၅,၀၀၀ ကျပ်ရှိနေပြီး အဟောင်းကတော့ ၂၂၀,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။

Sources : AMIA (Farmer Digital TV)