menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၁၂ . ၁၂ . ၂၀၂၂ မှ ၁၆ . ၁၂ . ၂၀၂၂)


🌿🌶️🫘🫘🌶️🌿🌶️🫘🫘🌶️🌿

မတ်ပဲ
----

မတ်ပဲက ပြီးခဲ့တဲ့အပတ်လောက်ကတည်းက ဈေးအနည်းငယ်မြင့်တက်လာခဲ့ပြီး ဒီတစ်ပတ်မှာတော့ မတ်ပဲက တစ်တန်ကို တစ်သိန်းကျော်လောက်ထိဈေးမြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယက ဝယ်ယူမှုရှိနေတဲ့ အပြင် ရက်ပိုင်းအတွင်း အနည်းငယ်မြင့်တက်လာတဲ့ငွေကြေးလဲလှယ်ဈေးနှုန်းကြောင့် ဈေးမြင့်တက်လာတယ်လို့သိရပါတယ်။ မတ်ပဲအသစ်တွေ အနည်းငယ်ဈေးကွက်ထဲ အဝင်ရှိနေခဲ့ပြီး အဟောင်းလက်ကျန်တွေကို ပြန်လည်ထုတ်ရောင်းနေတဲ့အတွက်ကြောင့် အရောင်းအဝယ်ကတော့ သွက်နေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၈ သိန်း ၂ သောင်းကျော်ထိဈေးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၇ သောင်းလောက် ဈေးမြင့်တက်လာခဲ့ပါတယ်။ လက်ရှိဈေးမြင့်နေတဲ့ အချိန် ထုတ်ရောင်းမှုများတဲ့အတွက် ဈေးစဖွင့်တဲ့နေနဲ့နှိုင်းယှဉ်ရင် ဈေးကပြန်ကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာလည်း နေ့စဉ်အဝင်ပေါ်မူတည်ပြီး တစ်အိတ်ကို ၁၇၆,၀၀၀ ကနေ ၁၇၇,၀၀၀ ကြားအရောင်းအဝယ်ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်အိတ်ကို ၅,၀၀၀ လောက်ဈေးမြင့်တက် လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်းကို ၅၄,၀၀၀ ကနေ ၅၉,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ လောက် ဈေးတက်လာပါတယ်။ မတ်ပဲကတော့ အိန္ဒိယလိုအပ်ချက်တွေရှိနေပြီး ဆက်လက်ဝယ်ယူသွားမှာဖြစ်လို့ အသစ်ပေါ်မယ့် မတ်ပဲတွေလည်း ဈေးကောင်းရရှိနိုင်လိမ့်မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပေမယ့် ပြောင်းလဲနေတဲ့ငွေကြေးပြောင်းလဲမှုကို ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

ပဲစင်းငုံနီ
-------

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့တစ်ပတ်လုံး ဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာတော့ ငွေကြေးဈေးအပြောင်းအလဲ ရှိတဲ့အတွက် အနည်းငယ်ဈေးပြန်တက်လာပါတယ်။ လက်ကျန်ပဲလည်း မရှိတဲ့အတွက် အရောင်းအဝယ်ကတော့ အေးနေပါတယ်။ လက်ရှိမှာတော့ အသစ်တွေကိုလည်းကြိုပွိုင့်ဝယ်ယူမှုတွေ ရှိနေပြီဖြစ်လို့ ဈေးကတော့ အများကြီးကျဆင်းနိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၈ သိန်း ၇ သောင်း လောက်ထိ မြင့်တက်သွားခဲ့ပေမယ့် ရက်ပိုင်းအတွင်း ဈေးပြန်ကျဆင်းသွားကာ လက်ရှိပေါက်ဈေးကတော့ ၁၈ သိန်း ၄ သောင်းရှိနေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။ နယ်ဈေးကွက်တွေဖြစ်တဲ့ မုံရွာ၊ အောင်လံတို့မှာတော့ တစ်တင်းကို ငွေကျပ် ၆ သောင်းအထိ ဈေးပြန်တက်လာခဲ့ပြီး ရက်ပိုင်းအတွင်း တစ်တင်းကို ၅၈,၀၀၀ အထိ ဈေးပြန်ကျဆင်းလာခဲ့ပါတယ်။

ဂျုံ
---

ဂျုံဈေးနှုန်းကလည်း ဆက်တိုက်ဈေးမြင့်တက်နေခဲ့ရာမှ ငွေကြေးဈေးအေးသွားပြီး ဈေးလည်း ငြိမ်သွားခဲ့ပါတယ်။ ယခု ဒီဇင်ဘာလဒုတိယအပတ်မှာတော့ ငွေကြေးဈေးအနည်းငယ်မြင့်တက်လာခဲ့ပြီး ဂျုံဈေးလည်း ပြန်မြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ ဂျုံ(မျိုးစုံ)က တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၁၉၀,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀,၀၀၀ လောက်ဈေးမြင့်တက်ခဲ့တာပါ။

ငရုတ်
-----

ငရုတ်ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကကျဆင်းနေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးက ဆက်ပြီး ကျဆင်းနေပါတယ်။ ဈေးကွက်ထဲ အဝင်များလာတယ်လို့ သိရပါတယ်။ ဆင်ဖြူကျွန်းငရုတ်က တစ်ပိဿာကို ၂၄,၀၀၀ ကနေ ၂၅,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃,၀၀၀လောက် ဈေးကျဆင်းသွားပါတယ်။ ငရုတ်မြှားနီကလည်း တစ်ပိဿာကို ၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်၊ ပန်းရဲက တစ်ပိဿာကို ၁၆,၀၀၀ ကနေ ၁၇,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄,၀၀၀ ကျပ်၊ ရှမ်းစကားပွက တစ်ပိဿာကို ၁၂,၅၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄,၅၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။

ဆီ
---

ဆီမျိုးစုံဖြစ်တဲ့ နှမ်းဆီ၊ မြေပဲဆီ နှင့် စားအုန်းဆီတို့ကတော့ ဈေးငြိမ်နေပါတယ်။ ပြီးခဲ့တဲ့ (၃)လအတွင်း ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပြီး အမြင့်ဆုံးရောက်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ မြေပဲအသစ်တွေ ဈေးကွက်ထဲကိုဝင်ရောက်လာခဲ့ပြီး စားအုန်းဆီဈေးကလည်းပြန်ကျဆင်းသွားတဲ့အတွက် ဈေးတွေ ငြိမ်သွားတာဖြစ်တယ် လို့ ဆီကုန်သည်တွေက ဆိုပါတယ်။ နှမ်းဆီကတော့ တစ်ပိဿာကို ၉,၀၀၀ ကနေ ၁၁,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး မြေပဲဆီကတော့ တစ်ပိဿာကို ၉,၅၀၀ ကနေ ၁၁,၀၀၀ ကြား အရောင်းအဝယ်ရှိနေပါတယ်။ စားအုန်းဆီကလည်း တစ်ပိဿာကို ၅,၅၀၀ ကနေ ၆,၅၀၀ ကြား အရောင်းအဝယ်ရှိနေပါတယ်။

Sources : AMIA (Farmer Digital TV)