menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၅ . ၅ . ၂၀၂၃ မှ ၁၉ . ၅ . ၂၀၂၃)

🌾🫘🌾🧅🌽🧄🌽🧅🌾🫘🌾 

🌾ဆန်၊ စပါး🌾 

ဒီတစ်ပတ်မှာလည်း ရန်ကုန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းဈေးတွေပါမြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို နွေစပါးတွေအဝင်ရှိနေပေမယ့် အဝင်နည်းသေးပြီး မိုးစပါးလက်ကျန်လည်း မရှိသလောက်နည်းသွားပြီဖြစ်လို့ ဈေးတွေကမြင့်တက်နေတာဖြစ်ပါတယ်။ မုန်တိုင်းအပြီး စိုက်ခင်းဧကတွေပျက်စီးမှုတွေကြောင့် စပါးဈေးက လက်ရှိပေါက်ဈေးထက်မြင့်လာနိုင်တယ်လို့ စပါးစိုက်တောင်သူတွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်ချောတွေဖြစ်တဲ့ မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲတို့က တစ်အိတ်ကို ၈၄,၀၀၀ ကနေ ၉၀,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂,၀၀၀လောက် ဈေးမြင့်တက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ တစ်အိတ်ကို ၅၉,၀၀၀ ကနေ ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ဧည့်မထ ၂၅မှတ်တန်ကတော့ တစ်အိတ်ကို ၅၄,၀၀၀ ကနေ ၅၅,၀၀၀‌ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ငစိန်ဆန်ကတော့ တစ်အိတ်ကို ၅၆,၀၀၀ ကနေ ၅၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၅၈,၀၀၀ ကနေ ၆၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။ 

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၂,၀၁၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈၈,၀၀၀ ကျပ်၊ ဆန်က တစ်အိတ်ကို ၈၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ ကျပ်၊ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၁,၆၃၇,၀၀၀ ပေါက်ဈေးရှိပြီး ၇၃,၀၀၀ ကျပ်၊ ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၆၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ် ဈေးတက်လာ ပါတယ်။ အခြား မြောင်းမြ၊ ဒေးဒရဲ၊ ဖျာပုံ၊ လပွတ္တာ ပေါ်ဆန်းစပါးတို့ကတည်း တင်း ၁၀၀ ကို အနိမ့်ဆုံး ၈၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား ဈေးမြင့်တက်လာခဲ့ပါတယ်။ နှစ်ပတ်အတွင်း စပါးတင်း ၁၀၀ ကို ငွေကျပ် ၃သိန်း နီးပါး ဈေးမြင့်တက်လာခဲ့ပါတယ်။

🫘ထောပတ်ပဲ🫘

ထောပတ်ပဲကလည်း ဈေးမြင့်တက်နေပါတယ်။ ပြည်ပတင်ပို့မှု ရှိနေပေမယ့် ပဲအဝင်နည်းတဲ့အတွက် ဈေးတွေ မြင့်တက်နေတာပါ။ ပဲထောပတ်ပဲက ပုံမှန်ဈေးနှင့်အရောင်းအဝယ်ရှိခဲ့ပေမယ့် ယခုနှစ်မှာ ပြည်ပဝယ်ယူမှုများလာတဲ့အတွက် ဈေးကပုံမှန်ထက်အများကြီး မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၈၂၅ကျပ် ပေါက်ဈေးရှိပြီး အမြင့်ဈေးနဲ့ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်သုံးတင်းဝင်တစ်အိတ်ကို ၂၃၀,၀၀၀ ကနေ ၂၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ကျပ် ဈေးတက်လာပါတယ်။ 

🌽စီပီပြောင်း🌽 

စီပီပြောင်းကလည်း ဈေးပြန်မြင့်တက်လာပါတယ်။ ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအခြေအနေကြောင့် ထိုင်းငွေဈေးမြင့်လာတာနဲ့အတူ ပြောင်းဈေးတွေမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ကတော့ လက်ရှိမှာပုံမှန်ရှိနေပေမယ့် မုန်တိုင်းအခြေအနေကြောင့် ပြောင်းကားအဝင်နည်းတယ် လို့ ပြောင်းကုန်သည်အချို့ကဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁,၂၂၀ ကနေ ၁,၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၆၂,၅၀၀ ကနေ ၆၃,၀၀၀‌ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၀,၃၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။ 

🧅ကြက်သွန်နီ🧅 

ကြက်သွန်နီကတော့ တစ်ပတ်အတွင်းဈေးမြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ ဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဈေးကွက်ထဲကိုအဝင်နည်းခဲ့ပြီး အဝယ်လည်းသွက်လာကာ ဈေးတက်လာတာလို့ သိရပါတယ်။ လက်ရှိမှာတော့ ဈေးကွက်ထဲကို ပုံမှန်အဝင်ရှိနေပြီး မိုးကြောင့် အရည်အသွေးပိုင်းပျက်စီးမှုတွေရှိကာ ဈေးကောင်းမရရှိဘူးလို့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက လတ်တလောပေါက်ဈေး တစ်ပိဿာကို ၁,၇၀၀ ကနေ ၂,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအပြောင်းအလဲမရှိပေမယ့် တစ်ပတ်အတွင်းမှာတော့ တစ်ပိဿာကို ၂,၃၀၀ အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၅၀၀ ကနေ ၁,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀လောက် ဈေးပြန်ကျဆင်းသွားပါတယ်။ 

🧄ကြက်သွန်ဖြူ🧄 

ကြက်သွန်ဖြူဈေးကတော့ ဈေးပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို အဝင်များနေပြီး ရှမ်းကြက်သွန်အသစ်တွေ အပြင် ကြူကုတ်တွေလည်း ဈေးကွက်ထဲကို အများအပြားဝင်ရောက်နေတာ ဖြစ်လို့ ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ (ရှမ်း)က တစ်ပိဿာကို ၄,၂၀၀ ကနေ ၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ ကြူကုတ်ကလည်း တစ်ပိဿာကို ၆,၇၀၀ ကနေ ၆,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူက လက်လီဈေးကွက်မှာတော့ တစ်ပိဿာကို ငွေကျပ် ၉,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။ 

Sources : AMIA (Farmer Digital TV)