menu

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၃၁ . ၇ . ၂၀၂၃ မှ ၄ . ၈ . ၂၀၂၃)


🌾🫘🌾🫘🌾🫘🌾🫘🌾🫘🌾 

 ဆန် ၊ စပါး 
--------- 
၂၀၀,၀၀တန်ထွက်ရှိတဲ့ ဇူလိုင်လ(၃၁)ရက်နေ့ကစပြီး ရန်ကုန်ဝါးတန်းဆန်စပါးကုန်စည်ဒိုင် ဆန်ဈေးတွေက မြင့်တက်လာသလို ပြင်ပဆန်စျေးကွက်မှာလည်း ဆန်စျေးတွေမြင့်တက်လာပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၉၃,၀၀၀ ကနေ ၉၇,၀၀၀ ပေါက်ဈေးရှိပြီး မြောင်းမြပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ၉၇,၀၀၀ ကနေ ၉၉,၀၀၀ ပေါက်ဈေးရှိပြီး ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၉၃,၀၀၀ ကနေ ၉၅,၀၀၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၂၀,၀၀၀ မှ ၁၃၀,၀၀၀ အထိစျေးတက်လာပါတယ်။ ပြင်ပဆန်စျေးကွက်မှာကတော့ ရွှေဘိုပေါ်ဆန်း ထူးရှယ်တစ်အိတ်ကို အမြင့်ဆုံး ၁၅၀,၀၀၀ အထက်ထိ မြင့်တက်သွားပါတယ်။ ဆန်ကြမ်း ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၆၅,၀၀၀ ကနေ ၆၇,၀၀၀ ပေါက်ဈေးရှိပြီး ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၅၈,၀၀၀ ကနေ ၆၀,၀၀၀ ကျပ်၊ ငစိန်က ၆၁,၀၀၀ ကနေ ၆၅,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က ၇၄,၀၀၀ ကနေ ၇၈,၀၀၀ ကျပ်၊ ကျားပျံရှယ်က တစ်အိတ်ကို ၉၇,၀၀၀ ကနေ ၁၀၀,၀၀၀ ကျပ် အထိ စျေးဖြစ်လာပါတယ်။ ဒါကြောင့် ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၅,၀၀၀ မြင့်တက်လာပြီး ကျန်တဲ့ဆန်တွေလည်း တစ်အိတ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကျပ် မြင့်တက်လာတာ ဖြစ်ပါတယ်။ အလားတူ စပါးစျေးကလည်း အနည်းငယ်ပြန်တက်လာကာ အရောင်းအဝယ်ပြန်လိုက်လာပြီး နွေစပါးအသစ်ကတော့ အမျိုးအစားအပေါ်လိုက်ပြီး တင်း ၁၀၀ ကို ၁၃ သိန်းအထက်ကနေ ၁၈သိန်း အထိရှိပြီး မိုးစပါးအဟောင်းကတော့ ၁၉ သိန်းကနေ ၂၃ သိန်းအထက်ရှိပြီး ရွှေဘိုပေါ်ဆန်းကတော့ သိန်း ၃၀ ကျော်အထိစျေးပေါက်တယ်လို့ သိရပါတယ်။ 

စွန်တာပဲ 
------- 
စျေးကျနေတဲ့စွန်တာပဲလည်း ခုတစ်ပတ်မှာ စျေးပြန်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၈၆၅ ကနေ ၃,၀၄၅ ကျပ် ပေါက်စျေးရှိပြီး အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၁၇၅ ကျပ် မြင့်တက်လာတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာလည်း စွန်တာ (ရိုးရိုး)က တစ်အိတ်ကို ၁၆၀,၀၀၀ စျေးတန်းဖြစ်လာပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်၊ စွန်တာ(ကသဲ)ကတော့ တစ်အိတ်ကို ၁၇၀,၀၀၀ စျေးတန်းရှိပြီး တစ်အိတ်ကို ၇,၀၀၀ ကျပ်ဈေးပြန်တက်လာပါတယ်။ 

စားတော်ပဲ 
--------- 
ပြည်တွင်းစားတော်ပဲကလည်း ဈေးကွက်ထဲ လက်ကျန်မရှိတော့ပေမယ့် ခုတပတ်မှာလည်း ပြည်ပကနေတဆင့်တင်သွင်းတဲ့ ကနေဒါ နဲ့ ယူကရိန်စားတော်ပဲက ဆက်တိုက်ဈေးမြင့်တက်လာသလို စားတော်ပဲကျွန်းကလည်း စျေးတက်လာပါတယ်။ ပြည်တွင်း စားတော်ပဲ (ကျွန်း)က တစ်အိတ်ကို ၃၉၀,၀၀၀ ကနေ ၄၁၀,၀၀၀ ထိ စျေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်၊ ကနေဒါစားတော်ပဲက တစ်အိတ်ကို ၂၁၀,၀၀၀ ကျပ်ဖြစ်လို့ တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ စားတော်ပဲက ပြည်တွင်းစားသုံးမှုများတဲ့ပဲဖြစ်လို့ လက်ရှိ ပဲဈေးကွက်မှာ စျေးတန်းအမြင့်ဆုံးရရှိနေတဲ့ပဲလည်း ဖြစ်ပါတယ်။ 

ကြက်သွန်ဖြူ 
----------
ကြူကုတ် ကြက်သွန်ဖြူကတော့ တရုတ်ကအဝင်ရှိနေပေမယ့်လည်း နည်းတဲ့အတွက် စျေးတန်းက အမြင့်မှာပဲရှိနေပါတယ်။ ရန်ကုန်စျေးကွက်မှာ ကြူကုတ်ရှယ် တစ်ပိဿာကို ၇,၁၀၀ ကနေ ၇,၂၀၀ စျေးပေါက်ပြီး လက်လီစျေးကွက်မှာ ၇,၅၀၀ ကနေ ၉,၀၀၀ အထိ စျေးတန်းရှိနေပါတယ်။ တစ်ရက်ကို အိတ်ရေ ၆၀၀ ဝင်နေပြီး ကုန်ချိန် ၁၈,၀၀၀ လောက် ပုံမှန်အဝင်ရှိတယ်လို့ သိရပါတယ်။ 

ထန်းလျက် 
---------
ထန်းလျက်ကတော့ လက်ရှိမှာ အညာဘက်မှာကုန်ကြမ်းရှားလို့ ထုတ်လုပ်နိုင်မှုကျပြီး ဈေးကွက်ထဲ အဝင်နည်းတာကြောင့် ဈေးတွေက ထပ်မံမြင့်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၃,၅၀၀ ကနေ ၃,၈၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို အရင်ပတ်ကထက် ၁၀၀ ကနေ ၁၅၀ တက်လာပါတယ်။ လက်လီစျေးကွက်မှာ မုန့်လုပ်ထန်းလျက်၊ အရောအနှောထန်းလျက်တောင် တစ်ပိဿာကို ၄,၀၀၀ ကျပ်အထိ အနည်းဆုံးစျေးရှိနေပါတယ်။ 

သကြား 
------ 
သကြားကတော့ ကမ္ဘာ့သကြားပေါက်ဈေးနှုန်း မြင့်တက်မှုနဲ့အတူ ပြည်တွင်းမှာလည်း အဝင်နည်းတဲ့ အတွက်ဈေးတန်းက အမြင့်မှာပဲ ရှိပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၃,၃၈၀ က နေ ၃,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးမြင့်တက်ကာ လက်လီစျေးကွက်မှာ ၄,၀၀၀ ကျပ်အထက်ရှိပါတယ် ။ 

Sources : AMIA (Farmer Digital TV)