menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၆.၉.၂၀၂၁ ) မှ (၁၀.၉.၂၀၂၁)


🌿🌽🧅🥔🌿🌿🥔🧅🌽🌿

မတ်ပဲ 
----

မတ်ပဲကတော့ တစ်တန်ကို၁၅သိန်းနီးပါးရောက်ခါနီးအထိဈေးမြင့်တက်လာပါတယ်။အိန္ဒိယရဲ့ ဝယ်ယူမှုကြောင့်အပြင် လက်ရှိပြည်တွင်းငွေလဲလှယ်နှုန်းဈေးမြင့်တက်မှုကလည်းပဲဈေးကို အမြင့်ဆုံးရောက်ရှိနေတာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာ စိုက်ခင်းတွေပျက်စီးပြီး ပဲအထွက်နည်းနိုင်မယ်လို့ခန့်မှန်းမှုတွေကြောင့် အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲဈေးတွေကမြင့်တက်နေခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁,၄၈၈,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၈ သောင်းကျော်အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာလည်း မတ်ပဲက သုံးတင်းဝင်တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၄၈,၀၀၀ အထိပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ နီးပါးထိဈေးမြင့်တက်လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်၊အောင်လံ ဈေးကွက်မှာတော့ ၄၇,၀၀၀ ရှိပြီး ၃,၀၀၀ ကျပ်၊မော်လမြိုင်မှာတော့ တစ်တင်းကို ၄၉,၀၀၀ ကျပ်ရှိပြီး ၄,၀၀၀ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

ပဲစင်းငုံနီ
------- 

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာဈေးတွေထပ်ပြီး တက်လာပါတယ်။ ပဲစင်းငုံနီကလည်း တစ်တန်ကို ၁၄ သိန်းနားထိ ရောက်ခါနီးနေပါပြီ၊အဓိက အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားရှိနေသလို ပြည်တွင်းမှာလည်း လက်ကျန်မရှိတော့တဲ့အတွက်ဈေးတွေကမြင့်တက်နေတာဖြစ်ပါတယ်။ငွေလဲလှယ်နှုန်းဈေးကြောင့်လည်းဈေးတွေက ဆက်တိုက်ကိုမြင့်တက်နေခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့်ပဲစင်းငုံနီက ထပ်ပြီးဈေးတက်နိုင်ခြေရှိသေးတယ်လို့လည်းကုန်သည်တွေက သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁,၃၈၀,၀၀၀ ထိပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၇ သောင်းနီးပါးအထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်အိတ်ကို ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၅၀၀ ကနေ ၄၃,၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ နီးပါးဈေးတက်လာပါတယ်။ အောင်လံမှာတော့ တစ်တင်းကို ၄၃,၀၀၀ပေါက်ဈေးရှိပြီး ၇၀၀ကျပ်ဈေးတက်လာပါတယ်။

နှမ်းဖြူ
-----

နှမ်းဖြူကလည်းဈေးတက်လာပါတယ်။အဓိကတရုတ်ဝယ်ယူမှုရှိနေလို့ဈေးတက်နေတာလို့သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၃၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂,၀၀၀ လောက်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၃၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။

စီပီပြောင်း
--------

စီပီပြောင်းကတော့ တရုတ်ဂိတ်ပိတ်ထားပေမယ့် ထိုင်းဘက်က ဝယ်ယူမှုကြောင့် ဈေးကျဆင်းမှုမရှိခဲ့ပဲ တောက်လျှောက်ဈေးကောင်းရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဈေးကွက်ထဲ စီပီပြောင်းအသစ်တွေဆက်တိုက်ဝင်ရောက်မှုကြောင့်ဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ စီပီပြောင်းက တစ်အိတ်ကို ၂၉,၀၀၀ ကနေ ၃၀,၅၀၀ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းတစ်အိတ်ကို ၃,၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းမှာတော့တစ်တင်းကို ၉,၀၀၀ ရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ
----------

ဆက်တိုက်ဈေးကျဆင်းနေတဲ့ကြက်သွန်နီက လက်ရှိမှာပြည်တွင်းဝယ်ယူမှုကြောင့်ဈေးအနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ပြည်ပတင်ပို့ရောင်းချမှုကတော့ လတ်တလောမရှိသေးတဲ့ အတွက်ကြောင့် ကြက်သွန်နီကယခုထက်ဈေးအများကြီးတက်နိုင်ခြေမရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မြင်းခြံ၊ပခုက္ကူ)တို့က တစ်ပိဿာကို ၂၅၀ ကနေ ၅၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ကြက်သွန်နီ(မြစ်သား) က တစ်ပိဿာကို ၄၇၀ ကနေ ၅၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၀ လောက်ဈေးတက်လာပါတယ်။

အာလူး
------

အာလူးကလည်း ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ ဝယ်ယူစုဆောင်းမှုတွေကြောင့်ဈေးတွေ တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၆၅၀ ကနေ ၁,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့တစ်ပိဿာကို ၉၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ 

စားအုန်းဆီ 
--------- 

စားအုန်းဆီကတော့ လက်ရှိမှာအမြင့်ဆုံးဈေးကိုရောက်ရှိနေတာဖြစ်ပါတယ်။ ငွေလဲလှယ်နှုန်းဈေးမြင့်တက်တာကြောင့် ဈေးတက်တာအပြင် ကမ္ဘာ့စားအုန်းဆီဈေးကွက်မှာလည်း စားအုန်းဆီ ထွက်ရှိမှုနှုန်းလျော့ကျတယ်ဆိုတဲ့သတင်းတွေကြောင့်ဈေးကိုပိုတက်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ စားအုန်းဆီက တစ်ပိဿာကို ၄,၁၇၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၃၅၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်ပိဿာကို ၄,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၈၅ ကျပ်ဈေးတက်လာပါတယ်။ 

Sources : AMIA (Farmer Digital TV)