menu

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၁၁.၁၀.၂၀၂၁) မှ (၁၅.၁၀.၂၀၂၁)


🌿🌶🍃🥔🌿🌿🥔🍃🌶🌿

🌿မတ်ပဲ🌿

မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ငွေကျပ် ၁၅ သိန်းအောက်ထိ ဈေးကကျဆင်းသွားခဲ့ပါတယ်။ အဓိက မြန်မာ့ငွေကြေးလဲလှယ်နှုန်းကျဆင်းသွားတဲ့အတွက်ကြောင့် ပဲဈေးတွေလည်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ အဓိကမတ်ပဲဈေးတက်ရတာကလည်း မြန်မာ့ငွေကြေးဈေးကျဆင်းမှုကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက မတ်ပဲက တစ်တန်ကို ငွေကျပ် သိန်း ၂၀ အထိ ဈေးတက်သွားပေမယ့် အောက်တိုဘာ လလယ်မှာတော့ တစ်တန်ကို ၅ သိန်းကျော်အထိ ဈေးကပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယမှာလည်း ပဲအသစ်တွေ ဝင်ရောက်နေပြီးအခြားနိုင်ငံတွေကလည်း ဝယ်ယူမှုရှိတဲ့အတွက် မြန်မာ့မတ်ပဲဈေးတွေ ကလည်း အနည်းငယ်ကျဆင်းသွားပေမယ့် ပဲစိုက်ဧကလျော့နည်းမှုကြောင့် ဈေးကငွေကြေးပြောင်းလဲမှု ပေါ်မူတည်နေတယ်လို့ သုံးသပ်ရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲကတစ်တန်ကို ငွေကျပ် ၁,၄၉၀,၀၀၀ ဈေးကိုရောက်ရှိသွားပြီး တစ်သိန်းကျော်လောက်ဈေးက ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၅၉,၀၀၀ ကနေ ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ လောက်ဈေးကကျဆင်း သွားခဲ့ပါတယ်။ အောင်လံ၊ပြည် နဲ့ အခြားပြည်နယ်တွေမှာလည်း မတ်ပဲက တစ်တင်းကို အနိမ့်ဆုံး ၅၀,၀၀၀ ကနေ ၅၁,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ယခုဘဏ္ဍာနှစ်မှာ မတ်ပဲက ပြည်ပကို တန်ချိန် ၆၇၇,၅၂၆ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

🍃ပဲစင်းငုံနီ🍃

ပဲစင်းငုံနီကလည်း ဈေးကကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ မတ်ပဲလောက် အတက်အကျ မကြမ်းခဲ့ပေမယ့် ငွေကြေးလဲလှယ်နှုန်းဈေးကျဆင်းသွားတဲ့အတွက်ကြောင့် တစ်တန်ကို ငွေကျပ် ၂ သိန်းကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၂၈၀,၀၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သိန်းလောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။ အောင်လံမှာတော့ တစ်တင်းကို ၄၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ်ဈေးကျဆင်းသွား ပါတယ်။ ပြည်ဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။

🌶ငရုတ်🌶

ငရုတ်တွေကတော့ နယ်ပေါင်းစုံမှာ အသစ်တွေဆက်တိုက် ဝင်နေတဲ့အတွက်ဈေးတွေကလည်း ကျဆင်းသွားပါတယ်။ ငရုတ်(ဆင်ဖြူကျွန်း)ကတော့ တစ်ပိဿာကို ၅,၀၀၀ ကနေ ၅,၂၀၀ ပေါက်ဈေး ရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပန်းတနော်(AC)ကတော့ တစ်ပိဿာကို ၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ငရုတ်(မိုးထောင်မြစ်ဝ) ကတော့ တစ်ပိဿာကို ၂,၅၀၀ မှ ၂,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

🥔အာလူး🥔

အာလူးကတော့ ဆက်တိုက်ဈေးတက်နေပါတယ်။ တရုတ်အဝင်မရှိတဲ့အတွက် ပြည်တွင်းအာလူးတွေ ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၁,၀၅၀ ကနေ ၂,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၉၀၀ပေါက်ဈေးရှိနေပါတယ်။

🍃စားအုန်းဆီ🍃

စားအုန်းဆီကလည်း ငွေကြေးဈေးကျဆင်းမှုနဲ့အတူဈေးတွေက ဆက်တိုက်ကျဆင်းသွားပါတယ်။ ပြည်နယ်နဲ့တိုင်းအလိုက် ဆီရောင်းချပေးမှုတွေကြောင့် ဆီက ဈေးလျော့သွားတာလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မန္တလေးဈေးကွက်မှာစားအုန်းဆီက တစ်ပိဿာကို ၄,၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်ပိဿာကို ၄,၅၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ကျပ် နီးပါး ဈေးကျဆင်းသွားပါတယ်။

🌿နှမ်းနက်(စမုံ)🌿

နှမ်းနက်(စမုံ)ကတော့ မန္တလေးဈေးကွက်မှာ ဈေးကအတက်ဈေးနဲ့ ငြိမ်နေပေမယ့် နယ်ဈေးကွက်တွေ မှာတော့ ဈေးတွေကကျဆင်းသွားပါတယ်။ အရည် အသွေးကောင်းတဲ့နှမ်းက ဈေးကောင်းပိုရနေပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၂၁၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၅,၀၀၀ ကနေ ၁၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၅,၀၀၀ ကနေ ၁၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)