menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်” (၁၀.၁.၂၀၂၂ မှ ၁၄.၁.၂၀၂၂)


🌾🌿🧄🌿🌾🧄🌾🌿🧄🌿🌾

🌾ဆန်၊စပါး🌾

စပါးဈေး ဆန်ဈေးတွေကတော့ ဧရာဝတီတိုင်းဈေးကွက်အတွင်းမှာ ဈေးတွေကျဆင်းသွားပါတယ်။ စပါးအသစ်တွေကလည်း ဈေးကွက်ထဲကို ဆက်တိုက်ထွက်ရှိလာသလို အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။ ဒေသတွင်းသာဝယ်ယူမှုရှိနေတဲ့အတွက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့အေး နေပါတယ်။ ဆန်အချို့သာ ဈေးအပြောင်းအလဲ အနည်းငယ်ရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဆန်ချောဈေးတွေက ဈေးငြိမ်နေပြီး ငစိန်ဆန်က တစ်အိတ်ကို ၂၃,၀၀၀ ကနေ ၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ရက် ၉၀ ရှယ် အဟောင်းကတော့ တစ်အိတ်ကို ၂၉,၀၀၀ ကနေ ၃၂,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၉၂၉,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၆,၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၃၇,၀၀၀ ကျပ် နဲ့ ၁,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ပုသိမ်ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၂၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၆,၀၀၀ ကျပ် ဈေးကျဆင်းပြီးဆန်ကတော့ တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးကျဆင်းကာ ၂၃,၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။

မြောင်းမြပေါ်ဆန်းစပါးကတော့တင်း ၁၀၀ ကို ၉၁၅,၀၀၀ ပေါက်ဈေးရှိပြီး ၄၀,၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၃၄,၅၀၀နဲ့ ၂,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ မြောင်းမြဧည့်မထစပါးကတော့တင်း ၁၀၀ ကို ၆၁၆,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ ကျပ် နဲ့ ဈေးငြိမ်ပါတယ်။ မအူပင်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၂၀,၀၀၀ ကျပ်ရှိပြီးတင်း ၁၀၀ ကို ၁၀,၀၀၀ ကျပ် လပွတ္တာ စပါးကတော့ တင်း ၁၀၀ ကို ၈၆၁,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၉,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ဒုတိတန်းစားစပါးတွေ ဖြစ်တဲ့ ဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၂၀,၀၀၀ ကနေ ၅၀,၀၀၀ ကြား အသီးသီးဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။

🌿ပဲပုတ်🌿

ပဲပုတ်ဈေးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ အရောင်းအဝယ်သွက်ပြီး ဈေးကောင်း ရနေတာ လည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(မြစ်ဝကျွန်းပေါ်) က တစ်ပိဿာကို ၂,၀၃၀ မှ ၂,၀၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်၊ အထွက်တိုးကတော့ တစ်ပိဿာကို ၂,၀၀၀ မှ ၂,၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ပဲပုတ်(ရှမ်း)က ၈၅,၀၀၀ ကနေ ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုတ်(ဗမာ) ကတော့ တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၁၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၈၀၀ ပေါက်ဈေးရှိနေပါတယ်။

🧄ကြက်သွန်ဖြူ(ကြူကုတ်)🧄

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ရုတ်တရက်ဈေးတွေကျဆင်းသွားခဲ့ပါတယ်။ အဝင်များလို့ ဈေးတွေ ကျဆင်းတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၆၀၀ ကနေ ၃,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ,၃၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

🌿နှမ်းနက်(စမုံ)🌿

နှမ်းနက်(စမုံ)ကတော့ ပြည်ပဝယ်ယူမှုရှိနေတဲ့အတွက် ဈေးတွေက ဆက်တိုက် တက်နေပါတယ်။ ထိပ်စ အက်စစ်အောင်တွေကတော့ ဈေးပိုရရှိနေတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၂၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၇၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၆၅,၀၀၀ ‌ပေါက်ဈေးရှိနေပြီး ၅,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်း ကို ၄၀,၀၀၀ ကနေ ၆၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်း ကို ၄,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မကွေးတိုင်းဈေးကွက်မှာတော့ တစ်အိတ်ကို ၁၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

🌿နှမ်းဖြူ🌿

နှမ်းဖြူကလည်း အနည်းငယ်ဈေးတက်လာပေမယ့် အတက်ဈေးနဲ့ ပဲ ဈေးပြန်ငြိမ်သွားပါတယ်။ ဝယ်ယူမှု ရှိနေပြီး ပစ္စည်းမပေါလို့ ဈေးကောင်းရရှိနေတယ်လို့လည်းကုန်သည်တွေထံကနေ သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၃,၀၀၀ ကနေ ၁၅၃,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံမှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၄၈,၀၀၀ ကနေ ၄၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄,၀၀၀ကျပ် ဈေး တက်လာပါတယ်။ မကွေးတိုင်းမှာတော့ တစ်အိတ်ကို ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)