menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၁၅.၈.၂၀၂၂ မှ ၁၉.၈.၂၀၂၂)


🌾🫘🧅🧄🥔🌱🥔🧄🧅🫘🌾

ဆန်စပါး
-------
ဆန်စပါးဈေးတွေကတော့ ဆက်တိုက်ကို မြင့်တက်နေပါတယ်။ ဆန်ကတော့ လက်ကျန်မရှိတော့ပဲ ပြည်တွင်းစားသုံးဝယ်ယူသိုလှောင်မှုတွေကြောင့် မြင့်တက်နေတာဖြစ်ပါတယ်။ မကြာခင်ကာလအတွင်း စပါးအသစ်ထွက်ရှိတော့မှာဖြစ်ပေမယ့် ဈေးကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေကဆိုပါတယ်။ သယ်ယူပို့ဆောင်စရိတ်မြင့်တက်ခြင်းကလည်း ဆန်ဈေးကို ပိုမြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မြောင်းမြ ပုသိမ်ပေါ်ဆန်းဆန်က တစ်အိတ်ကို ၅၉,၀၀၀ ကနေ ၆၅,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၇၈,၀၀၀ ကနေ ၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၃၆,၅၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကို ၄၈,၅၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၄၂,၀၀၀ ကနေ ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ ဆန်သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၃၆,၀၀၀ ကနေ ၃၇,၅၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁,၃၈၄,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၁,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၅၉,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထ(နွေ) နဲ့(မိုး) စပါးကတော့ ဈေးငြိမ်ပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆,၀၀၀ ကနေ ၃၇,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁,၃၄၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၄,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်တင်းခွဲတစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာကာ ၅၈,၀၀၀ ကျပ်ရှိပါတယ်။ ဧည့်မထ စပါး(နွေ)နဲ့(မိုး)ကတော့ တင်း ၁၀၀ ကို ၉၄၈,၀၀၀ ကနေ ၁,၀၃၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၆၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၃၄,၅၀၀ ကနေ ၃၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ အခြားဖျာပုံ၊ ဒေးဒရဲ၊ မအူပင် ပေါ်ဆန်းစပါးတွေလည်း တင်း ၁၀၀ ကို ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြား ဈေးတက်လာပြီး ဆန်ကလည်း တစ်အိတ်ကို ၁,၀၀၀ ကနေ ၃,၀၀၀ ကြားဈေးတက်လာပါတယ်။ ဆန်စပါးအသင်းကတော့ ဆန်ချော တစ်အိတ်ကို ၅၂,၀၀၀ ကနေ ၇၇၀,၀၀၀ ကျပ်၊ ဆန်ကြမ်းကတော့ တစ်အိတ်ကို ၃၅,၀၀၀ ကနေ ၃၇,၀၀၀ ကြား နဲ့ ရောင်းချပေးနေပါတယ်။

မတ်ပဲ
-----
 မတ်ပဲကတော့ ငွေကြေးတန်ဖိုးကျဆင်းလာတာနဲ့အတူ ဈေးတွေမြင့်တက်နေပါတယ်။ အိန္ဒိယကလည်း မြန်မာ့မတ်ပဲဈေးနှုန်းမြင့်တက်မှုကို စောင့်ကြည့်နေပြီးပြည်တွင်းမှာလည်း သယ်ယူပို့စရိတ်မြင့်တက်မှု လက်ကျန်လျော့နည်းမှု နဲ့ ဒေါ်လာဈေးနှုန်းမြင့်မားမှုတို့ကြောင့် အရောင်းအဝယ်ကအေးသွားပြီး ဈေးလည်း အတက်ဈေးနဲ့တန့်သွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၈သိန်း ၂ သောင်းကျော် ပေါက်ဈေးရှိနေပြီး တစ်တန်ကို ထောင်ဂဏန်းလောက် တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၅,၀၀၀ ကနေ ၂၀၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်းကို ၆၀,၀၀၀ ကနေ ၆၁,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ လောက် ဈေးတက်လာပါတယ်။ စီးပွားကူးသန်းစာရင်းအရ ယခုဘဏ္ဍာနှစ် ဧပြီလ မှ ဩဂုတ်လ (၄) လတာ ကာလအတွင်း မတ်ပဲတင်ပို့မှုမှာ ၁ သိန်း ၃ သောင်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘိုကိတ်
------
ဘိုကိတ်ပဲကတော့ တောက်လျှောက်ဈေးငြိမ်နေရာမှ ဒီတစ်ပတ်မှာတော့ ဈေးတွေမြင့်တက်လာပါတယ်။ အခြားပဲများနည်းတူ သယ်ယူပို့ဆောင်စရိတ် နှင့် ငွေကြေးဈေးတွေကြောင့် ဈေးမြင့်တက်နေတာဖြစ်ပြီး လက်ကျန်လည်းလျော့နည်းလာတယ်လို့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဘိုကိတ်ပဲ က တစ်ပိဿာကို ၂,၁၆၅ ကနေ ၂,၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ
----------
ကြက်သွန်နီကလည်း ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ မိုးရွာသွန်းမှုတွေကြောင့် ကြက်သွန်ကားအဝင်တော့နည်းနေပြီး ပြည်တွင်းစားသုံးမှုအတွက် အဝယ်သွက်နေလို့ ဈေးက ဆက်တိုက်မြင့်တက်နေတယ်လို့လည်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ မုံရွာ) က တစ်ပိဿာကို ၁,၉၀၀ ကနေ ၂,၆၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့တစ်ပိဿာကို ၂,၂၀၀ ကနေ ၂,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ နီးပါးဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ
-----------
ကြက်သွန်ဖြူ(ရှမ်း) ရော ကြူကုတ်ရော ဈေးကွက်အတွင်း အဝင်နည်းနေပြီး ပြည်တွင်းစားသုံးမှု အတွက် ဝယ်ယူသိုလှောင်မှုတွေကြောင့် ဈေးမြင့်တက်လာပါတယ်။ လက်ရှိ ငွေကြေးဈေးဖောင်းဖွမှု၊ သယ်ယူပို့ဆောင်စရိတ်မြင့်တက်မှု နဲ့ အခြားစိုက်စရိတ်မြင့်တက်မှုတို့ကြောင့် ထပ်ပြီးတက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ကြူကုတ်)ကတစ်ပိဿာကို ၄,၀၀၀ ကနေ ၄,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ရှမ်းကြက်သွန်ဖြူကလည်း တစ်ပိဿာကို ၂,၄၀၀ ကနေ ၄,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ထန်းလျက်
---------
ဈေးငြိမ်နေခဲ့တဲ့ထန်းလျက်ကလည်း ဒီတစ်ပတ်မှာ အခြား အခြေခံစားသောက်ကုန် ကုန်ခြောက်ပစ္စည်းများနည်းတူဈေးမြင့်တက်လာပါတယ်။ အဝင်နည်းခြင်း၊ ကုန်ကြမ်းရှားပါးခြင်း နှင့် သယ်ယူပို့ဆောင်စရိတ်မြင့်တက်မှုကြောင့် ဈေးပြန်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ထန်းလျက်မျိုးစုံကတစ်ပိဿာကို ၂,၄၀၀ ကနေ ၂,၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ လောက်တက်လာပါတယ်။

အာလူး
------
အာလူးကလည်း ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ဝယ်ယူမှုများပြားပြီး အဝင်နည်းတဲ့အတွက် ကြောင့် ပြည်တွင်းအာလူးရော တရုတ်အာလူးပါ ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း)က တစ်ပိဿာကို ၁,၄၀၀ ကနေ ၂,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးတက်လာပါတယ်။ တရုတ်အာလူးကတော့ တစ်ပိဿာကို ၂,၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)