menu

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်

(၂၈.၉.၂၀၂၀ မှ ၂.၁၀.၂၀၂၀) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံစျေးနှုန်းများ

ဝတ်ရည်မွန်(AMIA) ရန်ကုန်

ဆန်စပါး  

ရန်ကုန်စျေးကွက်မှာတော့ ဆန်စျေးတွေက ငြိမ်နေပြီးတော့ ဧရာဝတီတိုင်းစျေးကွက်မှာတော့ ဆန်စျေးတွေရော စပါးစျေးတွေက မြင့်တက်နေပါတယ်။ လက်ကျန်တွေက မရှိသလောက် နည်းသွားပြီး ဆန်စက်တွေက ဆက်တိုက် ဝယ်ယူမှုတွေကြောင့် စျေးက တက်နေတာဖြစ်တယ်လို့သိရပါတယ်။ 

ပုသိမ်စျေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ၈၅၈၀၀၀ ပေါက်စျေးရှိပီး တင်း ၁၀၀ ကို ၇၀၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၉၀၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၉၀၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၄၆၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။ 

မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၀၆၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၄၄၀၀၀ ကျပ် စျေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၄၁၀၀၀ ပေါက်စျေးရှိကာ ၂၅၀၀ ကျပ်စျေးတက်လာပါတယ်။ မြောင်းမြ ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၇၃၆၀၀၀ ပေါက်စျေးရှိပြီး ၄၁၀၀၀ ကျပ် စျေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ ကျပ် ရှိကာ ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။ 

ဒေးဒရဲပေါ်ဆန်းစပါးကတော့ ဒီတစ်ပတ်မှာ တင်း ၁ဝဝကို ၈၃၃၀၀၀ နဲ့ စျေးငြိမ်နေပါတယ်။ဒေးဒရဲဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၃၄ဝဝဝကျပ်ရှိပြီး ၉၀၀၀ ကျပ် စျေးတက်ကာ ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ နဲ့ စျေးငြိမ်ပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးစပါးဟာလည်း တင်း ၁၀၀ ကို ၈၁၃၀၀၀ နဲ့ စျေးငြိမ်နေပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကျပ် ရှိပါတယ်။

ဖျာပုံဧည့်မထကတော့ တင်း ၁၀၀ ကို ၆၉၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀၀ ကျပ် စျေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို၂၇၀၀၀ ကျပ် နဲ့ စျေးငြိမ်ပါတယ်။ 

မတ်ပဲ 

မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးတွေက ပြန်တက်လာပါတယ်။ အိန္ဒိယက ရှိတဲ့ပဲတွေကို ပြန်လည်ဝယ်ယူမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် စျေးတွေက  ပြန်ပြီးတက်လာတာ ဖြစ်ပါတယ်။ လက်ရှိပြည်တွင်းမှာ ပဲတန်ချိန် တစ်သိန်းခွဲကျော် ကျန်ရှိနေတယ်လို့သိရပါတယ်။ မတ်ပဲကတော့ ယခုလ အတွင်း ဆက်ပြီး တက်နိုင်ခြေရှိပါတယ်။ 

ရန်ကုန်စျေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၁၂၅၀၀၀ ပေါက်စျေးရှိပြီးတစ်ပတ်အတွင်း တစ်တန်ကို ၅၂၀၀၀ ကျော်စျေးတက်လာပါတယ်‌။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၀၈၀၀၀ ကနေ ၁၁၅၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နီးပါးစျေးတက်လာခဲ့ပါတယ်။ ပြည်စျေးကွက်မှာတာ့ တစ်တင်းကို ၃၇၅၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်စျေးတက်လာပါတယ်။ မော်လမြိုင်စျေးကွက်မှာတော့ တစ်တင်းကို ၃၆၆၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၁၆၀၀ ကျပ်စျေးတက်လာပါတယ်။ 

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ ဒိတစ်ပတ်မှာ စျေးကျဆင်းသွားပါတယ်။ အချို့ နယ်တွေမှာတော့ ပဲစင်းငုံနီက အရောင်းအဝယ်မရှိတော့ပါဘူး။ လက်ရှိမှာ အိန္ဒိယနိုင်ငံကိုသာ တင်ပို့တာဖြစ်တဲ့အတွက် စျေးက အတက်အကျ အရမ်းမများပဲ ရှိနေပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၈၂၅ဝဝဝပေါက်စျေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ငွေကျပ် ၁၀၀၀၀ နီးပါးစျေးကျဆင်းသွားပါတယ်။ မန္တလေးစျေးကွက်မှာတော့ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၇၆၅၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ 

ပဲဖီးကွက် 

ပဲဇီးကွက်က ဒီတစ်ပတ်မှာ စျေးတက်လာပါတယ်။ အဝင်နည်းတဲ့အပြင် ပြည်တွင်းဝယ်ယူမှု သွက်လာတဲ့အတွက် စျေးကတက်လာတာ ဖြစ်တယ်လို့သိရပါတယ်။ မန္တလေးစျေးကွက်မှာ တော့ သုံးတင်းဝင် တစ်အိတ်ကို ၅၈၀၀၀ ကနေ ၆၀၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်စျေးတက်လာပါတယ်။ 

နှမ်းမျိုးစုံ 

နှမ်းတွေကတော့ဒီတစ်ပတ်မှာ အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်ပွဲတော်ရှိတဲ့အတွက်စျေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ပုံမှန် ပြန်ဖြစ်သွားတဲ့အတွက် အဝယ်ကလည်းအနည်းငယ်အေးသွားတာဖြစ်ပါတယ်။ 

နှမ်းနက်(စမုံ) 

နှမ်းနက်(စမုံ)ကတော့ တရုတ် နှစ်သစ်ကူးပွဲတော်အတွက် အဝယ်များတဲ့အတွက် စျေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ပုံမှန် ပြန်ဖြစ်သွားတဲ့အတွက်စျေးက ကျဆင်းသွားပါတယ်။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၉၅၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်စျေးတက်လာပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၆၃၀၀၀ ကနေ ၁၈၇၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်စျေးတက်လာပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ဒီတစ်ပတ်မှာတော့ အနည်းငယ်စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာတစ်အိတ်ကို ၁၀၈၀၀၀ ကနေ ၁၁ရဝဝဝပေါက်စျေးရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက်စျေးတက်လာပါတယ်။ 

နှမ်းညို 

နှမ်းညိုက တော့ ဒီတစ်ပတ်မှာ အနည်းငယ်စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာ တစ်အိတ်ကို ၉၄၀၀၀ ကနေ ၉၅၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀ လောက်စျေးတက်လာပါတယ်။ ပြီးခဲ့တဲ့ လ တွေနဲ့ ယှဉ်ရင်တော့ စျေးက တက်လာတာမျိုးမရှိပဲ တစ်အိတ်ကို တစ်သိန်းအောက် သာ အရောင်းအဝယ်ရှိနေတာဖြစ်ပါတယ်။ 

ဆောင်းနှမ်းနက် 

ဆောင်းနှမ်းနက်ကလည်း ဒီတစ်ပတ်မှာလ်ည်းစျေးက တက်လာပါတယ်။ အဝင်က ပုံမှန်ရှိပေမယ့် စျေး မာတဲ့ အမျိုးအစားဖြစ်တဲ့အတွက် အတက်အကျက သိပ်မရှိတာတွေ့ရပါတယ်။ 

မန္တလေးစျေးကွက်မှာတစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၄၀၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ လောက်စျေးတက်လာပါတယ်။ စားအုန်းဆီ စားအုန်းဆီကတော့ ဒီတစ်ပတ်မှာ စျေးက ပြန်ကျဆင်းသွားပါတယ်။ ပြည်ပအဝင်ပုံမှန်ရှိလာတဲ့အတွက်စျေးက ကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။ မန္တလေးစျေးကွက်မှာ တစ်ပိဿာကို ၂၀၁၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၇၀ ကျပ်လောက်စျေးကျဆင်းသွားပါတယ်။