menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက်


🍃🍂🧅🧄🌴🌿🍃🍂🧅🧄🌴🌿 
✅တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက်✅  (၃၀.၁၁.၂၀၂၀ မှ ၄.၁၂.၂၀၂၀) ထိ

🍃မတ်ပဲ🍃  

မတ်ပဲကတော့ လတ်တလော မှာ ဈေးက အတက်အကျတည်ငြိမ်မှုမရှိပါဘူး။နှစ်ပတ်တစ်ခါသာ ပြည်ပ တင်ပို့ရတဲ့အတွက်ကြောင့် တင်ပို့ခါနီးမှသာ ဈေးအနည်းငယ်တက်ပြီး ကျန်တဲ့အချိန် အကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။အိန္ဒိယမတ်ပဲ အဓိက ထွက်တဲ့ဒေသမှာ မုန်တိုင်းကြောင့်ပျက်စီး ဆုံးရှုံးမှု တွေ ရှိတဲ့အတွက် လာမယ့် နှစ်သစ် မှာ မတ်ပဲက ဈေးပြန်တက်နိုင်ခြေရှိတယ်လို့ ကုန်သည်အများစုက မျှော်လင့်နေပါတယ်။လက်ရှိမှာတော့ မတ်ပဲက တစ်တန်ကို ၁,၀၄၆,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ၄၀,၀၀၀ လောက်ဈေးတက်ပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၀၇,၀၀၀ ကနေ၁၁၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်တဲ့အနေအထားမှာ ရှိပါတယ်။မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၃၀၀ ကျပ် ရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။  

🍂ပဲစင်းငုံနီ🍂  

ပဲစင်းငုံနီကတော့ ဈေးက ဆက်ပြီး ကျဆင်းနိုင်ပြီး တစ်တန်ကို ငွေကျပ် ၈ သိန်းအောက် ထိ ရောက်နိုင် မယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။အိန္ဒိယဝယ်ယူမှုကလည်း မရှိတဲ့အပြင် လက်ရှိပြည်တွင်း မှာလည်း အသစ်တွေ ထွက်လာပြီ ဖြစ်လို့ ဈေးကတက်နိုင်ခြေကို မရှိတော့ဘူးလို့ဆိုပါတယ်။လက်ရှိမှာ တော့ ဒီဇင်ဘာလကုန်အထိ အိန္ဒိယတင်သွင်းမှုရှိတဲ့အတွက်ကြောင့် ဈေးအတက်အကျကတော့ ဆက်ပြီး အပြောင်းအလဲတွေ ရှိမယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၈၃၅,၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ ၁၅,၀၀၀ လောက်တက်ပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၆,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅,၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။  

🌿ပဲတီစိမ်း🌿  

ပဲတီစိမ်းရဲ့ လက်ရှိအခြေအနေကတော့ ပဲမျိုးစုံတွေထဲမှာဈေးအမြင့်ဆုံးရနေတဲ့ ပဲဖြစ်နေပါတယ်။ ပဲတီစိမ်းနှစ်လို့ ဆိုရအောင် ဈေးကောင်းနေပါတယ်။လက်ရှိအတက်ဈေးနဲ့ပဲဆက်ပြီးအရောင်းအဝယ်က ရှိနေဦးမှာဖြစ်ပါတယ်။ ပဲတီစိမ်းက လက်ရှိပေါက်ဈေးက အမြင့်ဆုံးဖြစ်နေတဲ့အတွက်လက်ရှိဈေးထက် တော့ တက်နိုင်ခြေမရှိတော့ဘူးလို့လည်း ကုန်သည်တွေက ဆိုပါတယ်။ပဲတီစိမ်းကို တရုတ်က အဓိက ဝယ်ယူပြီး လက်ရှိ အာဆီယံ နိုင်ငံတွေကပါ ဝယ်ယူနေတာဖြစ်ပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၁,၉၅၀ ကနေ ၂,၂၇၀ ပေါက်ဈေးရှိပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၄,၀၀၀ ကနေ ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၀၀၀ လောက်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ကနေ ၄၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

🌿ဘိုကိတ်ပဲ🌿  

ဘိုကိတ်ပဲက ဒီတစ်ပတ်မှာလည်း အမှတ်မထင်ဈေးက တက်သွားပါတယ်။ ဝယ်ယူမှုများပြီး ပစ္စည်း လက်ကျန်လျော့နည်းတဲ့အတွက်ဈေးက တက်နေတာဖြစ်ပါတယ်။တစ်ပိဿာကို ၂,၄၅၀ ကနေ ၂,၅၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၈၀ ကျပ်ဈေးတက်လာပါတယ်။

🧅ကြက်သွန်နီ🧅  

ကြက်သွန်နီကတော့ လက်ရှိမှာ ဈေးကတောက်လျှောက်ကျဆင်းနေပါတယ်။ပြည်ပအဝယ်မရှိပဲ ပြည်တွင်း အဝင်ကလည်း များတဲ့အတွက်ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၅၀ ကနေ ၆၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပခုက္ကူကုန်စည်ဒိုင် မှာတော့ တစ်ပိဿာကို ၂၅၀ ကနေ ၄၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

🧄ကြက်သွန်ဖြူ🧄  

ကြက်သွန်ဖြူကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်ကျဆင်းသွားပါတယ်။နယ်မြို့အတော်များများမှာ ကုန်ကားတွေ ဝင်ရောက်ဖြတ်သန်းမှုက အရင်ကထက် ပိုလွတ်လပ် လာတဲ့အတွက် ကုန်အဝင်များ လာပြီး ဈေးကျဆင်းသွားပါတယ်။ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၆၅၀ ပေါက်ဈေးရှိပြီး ၄၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။  

🌴ထန်းလျက်🌴  

ပြီးခဲ့တဲ့လက တောက်လျှောက်တက်ခဲ့တဲ့ ထန်းလျက်ကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်ကျဆင်း သွားပါတယ်။အဝင်များပြီး ဝယ်ယူမှုလျော့နည်းသွားတဲ့အတွက်ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို အနိမ့်ဆုံးဈေးက ၉၀၀ ကနေ အမြင့်ဆုံးဈေး ၂,၁၅၀ ပေါက်ဈေးရှိပြီး ၁၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။

Sources : ဝတ်ရည်မွန်(AMIA)