menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁၁.၁.၂၀၂၁ မှ ၁၅.၁.၂၀၂၁)


****************************  

ဆန်၊စပါး  
--------  

ဆန်စပါးဈေးကွက်မှာတော့ စပါးတွေက ဈေးကွက်ထဲ မရှိတော့တဲ့အတွက်ဈေးက ပြန်ပြီး ငြိမ်သွားပါ တယ်။ ဆန်ဈေးအချို့ကတော့ ဈေးကွက်အတွင်း အဝယ်များတဲ့အတွက် ဈေး အနည်းငယ် တက်လာ ပေမယ့် ပုံမှန်ကတော့ ဈေးအတက်အကျ သိပ်မရှိတာတွေ့ရပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းရောဆန်ချောတွေ ဈေးငြိမ်ပေမယ့် ရွှေဘိုပေါ်ဆန်း က အသစ်ရော အဟောင်းပါ အနည်းငယ် ဈေးတက်ပါတယ်။အသစ်က တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၅၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာကာ အဟောင်းကတော့ တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၅၉,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာလည်း စပါးဈေးရော ဆန်ဈေးရော ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း ငြိမ်နေ ခဲ့ပြီး မြောင်းမြပေါ်ဆန်း နဲ့ ဧည့်မထ တို့ကတော့ ဝယ်ယူမှုများတဲ့အတွက်ဈေးအနည်းငယ် တက်ပါတယ်။

မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၀၆,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၁,၀၀၀ကျပ်ဈေးတက်လာပြီး ၃၅,၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။မြောင်းမြ ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၅၁,၀၀၀ ပေါက်ဈေးရှိပြီး ၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၅,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။  

မတ်ပဲ  
-----  

မတ်ပဲကတော့ ဈေးထပ်ပြီး ကျဆင်းနိုင်ခြေရှိတယ်လို့ ကုန်သည်အများစုက သုံးသပ်နေပါတယ်။ အိန္ဒိယ နိုင်ငံမှာ ပဲလိုအပ်ချက် သိပ်မရှိတဲ့အတွက်ကြောင့် အိန္ဒိယကုန်သည်များက ပဲအဟောင်းအစား ပဲအသစ် ကို ဝယ်ယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။လက်ရှိမှာ ပဲဈေးတက် နိုင်ခြေရှိသေးတယ်ဆိုပြီး အတက်ဈေးကို မျှော်နေတဲ့ တောင်သူများအနေနဲ့ သတိထားဖို့ လိုအပ်ကြောင်း ကုန်သည်များက သုံးသပ်ပါတယ်။ပြည်တွင်းမှာလည်း ပဲ လက်ကျန် က တစ်သိန်းကျော်ကျန်ရှိနေသေးတဲ့ အတွက် မတ်ပဲ ဈေးက တက်နိုင်ခြေမရှိတော့ဘူးလို့သိရပါတယ်။

ပဲအသစ်ပေါ်ချိန်မှာတော့ အနည်းငယ် ဈေးတက်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။ လက်ရှိရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၉၄၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် သုံးသောင်းနီးပါးဈေးကျဆင်းသွားပါတယ်။မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို ၁,၀၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို လေးသောင်းနီးပါးဈေးကျဆင်းသွားပါတယ်။မန္တလေးမှာတော့ ပဲအဟောင်းတွေကဈေးကွက်အတွင်း အရောင်းအဝယ်မရှိပဲ အသစ်သာ အရောင်းအဝယ် ရှိနေပါတယ်။ သုံးတင်းဝင်တစ်အိတ်ကို ၈၈,၀၀၀ ကနေ ၉၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၀,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၇၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

 ပဲစင်းငုံနီ 
-------- 

 ပဲစင်းငုံနီက ပြီးခဲ့တဲ့နှစ်ကအထွက်နည်းတဲ့အတွက် ဈေးကောင်းရရှိခဲ့ပေမယ့် အိန္ဒိယဝယ်ယူမှုလျော့နည်း တဲ့အတွက် ဈေးကပြန်ပြီးကျဆင်းသွားခဲ့ပါတယ်။ ပုံမှန် အိန္ဒိယနိုင်ငံက လာမယ့် ဧပြီ မေလမှာ တင်ပို့ဖို့ အတွက် ပြင်ဆင်မှုတွေရှိပေမယ့် ယခုနှစ်မှာတော့ လက်ရှိအချိန်ထိ ဝယ်ယူမှုနဲ့ ပတ်သတ်ပြီး အကြောင်း တစ်စုံတစ်ရာ ထုတ်ပြန်ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ကုန်သည်တွေကဆိုပါတယ်။ လက်ရှိအခြေအနေ မှာတော့ ပဲအသစ်တွေကလည်း ဈေးကွက်အတွင်း ထွက်ရှိနေပြီး ဈေးကတော့ ပြည်တွင်း ဝယ်ယူမှုနဲ့ အတက်အကျအနည်းငယ်ရှိနေပါတယ်။ 

လာမယ့် ဖေဖော်ဝါရီလမှာ ပဲမျိုးစုံထွက်ရှိမှာ ဖြစ်တဲ့အတွက် ပဲစင်းငုံနီက ယခုဈေးထက်ပိုပြီး ဈေးကျဆင်းနိုင်မယ်လို့ သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီ(၂၀၂၁)က တစ်တန်ကို ၇၆၀,၀၀၀ နဲ့ အရောင်းအဝယ် ရှိနေပြီး တစ်တန်ကို ထောင်ဂဏန်းလောက်သာ အတက်အကျရှိနေပါတယ်။မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီ အသစ်က သုံးတင်းဝင် တစ်အိတ်ကို ၇၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ်ဈေးတက်လာပါတယ်။ မုံရွာ ဈေးကွက်မှာတော့ တစ်တင်းကို ၂၃,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၃,၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၃,၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

 ကုလားပဲ 
--------  

ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ပဲအသစ်တွေကလည်း ဈေးကွက်ထဲကို ရောက်နေပြီး ပြည်ပ ဝယ်ယူမှုကလည်း မရှိတဲ့အတွက် ကြောင့် ဈေးကကျဆင်းနေတာဖြစ်ပါတယ်။ လာမယ့် ပဲမျိုးစုံ အသစ်တွေ ထွက်ရှိလာတော့မှာဖြစ်လို့ ကုလားပဲက ယခုထက်ဈေးအနည်းငယ် ကျဆင်း နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။လက်ရှိအခြေအနေကတော့ ပြည်ပတင်ပို့မှုရှိတဲ့ အတွက် ကုန်သည်တွေကဈေးချဝယ်ယူမှုကြောင့်ဈေးကွက် အတွင်းဈေးကပိုကျဆင်းနေတာလို့သိရ ပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးက တစ်ပိဿာကို ၁,၄၆၅ ကနေ ၁,၅၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ် ပါတယ်။ ကုလားပဲလုံးဖြူကြီးကလည်း တစ်ပိဿာကို ၁,၄၆၅ ကနေ ၁,၅၀၀ ပေါက်ဈေးရှိပြီး ၃၅ ကျပ် ဈေးကျဆင်းပါတယ်။ကုလားပဲခြမ်း ကတော့ တစ်ပိဿာကို ၁,၈၀၀ ကနေ ၁,၉၀၀ ထိ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅ ကျပ်ဈေးကျဆင်းသွားပါတယ်။မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင် တစ်အိတ်ကို ၇၅,၀၀၀ ကနေ ၇၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ်ဈေးကျဆင်းသွား ပါတယ်။ 

 ၉၂၉ ကတော့ တစ်အိတ်ကို ၇၉,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ V2 ကတော့ တစ်အိတ်ကို ၈၄,၅၀၀မှ ၈၅,၅၀၀ ပါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်၊ V7 ကတော့ တစ်အိတ်ကို ၈၀,၀၀၀ ကနေ ၈၁,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၂၅,၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ ၉၂၉ က တစ်တင်းကို ၂၆,၇၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။ 

 ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူက တစ်ပိဿာကို ၂,၆၃၀ ကနေ ၂,၆၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက သုံးတင်းဝင် တစ်အိတ်ကို ၈၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ 

 စီပီပြောင်း 
--------- 

 စီပီပြောင်းကတော့ မန္တလေးဈေးကွက်မှာဒီတစ်ပတ်ဈေးတက်လာပါတယ်။ အချိန်အတော်ကြာဈေးငြိမ် နေခဲ့ပြီး တစ်ပတ်အတွင်း ဝယ်ယူမှုများတဲ့အတွက်ဈေးတက်လာတာဖြစ်ပါတယ်။နယ်ဈေးကွက်မှာတော့ အနည်းငယ် ကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက သုံးတင်းဝင် တစ်အိတ်ကို ၂၃,၀၀၀ ကနေ ၂၃,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၇,၉၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

 ကြက်သွန်နီ 
----------  

ပြီးခဲ့တဲ့အပတ်က ဈေးတက်လာခဲ့တဲ့ ကြက်သွန်နီ က ဒီတစ်ပတ်မှာတော့ ဈေးကပြန်ကျဆင်းသွားပါ တယ်။ အဝင်များတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်သလို ထိုင်းနိုင်ငံရဲ့ ကြက်သွန်နီ တင်ပို့ခွင့်နဲ့ ပတ်သတ်ပြီးစောင့်ကြည့်နေတာဖြစ်တဲ့အတွက်ကြောင့် ဈေးက ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ က တစ်ပိဿာကို ၁၅၀ ကနေ ၃၅၀ ပေါက်ဈေးရှိ ပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီ (ယော)က တစ်ပိဿာကို ၁၀၀ ကနေ ၃၇၅ ကျပ် ပေါက်ဈေးရှိပြီး ၅၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

 စားအုန်းဆီ 
----------  

စားအုန်းဆီ ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလကတည်းက ဆက်တိုက်ဈေးတက်နေခဲ့ပြီး ဇန်နဝါရီလ ၂၀၂၁ ဒုတိယအပတ်မှာတော့ ပြန်ပြီး ဈေးကျဆင်းသွားပါတယ်။ စားအုန်းဆီဈေးတွေ တက်လာတဲ့ အတွက်ကြောင့် အစိုးရက အရန်ဆီတွေ ထုတ်ရောင်းမှုကြောင့် ဈေးက ပြန်လည်ကျဆင်းသွားတာ ဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ စားအုန်းဆီက တစ်ပိဿာကို ၂,၅၆၀ ကနေ ၂,၅၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၆၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၅၉၀ ကနေ ၂,၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

Sources : AMIA (Farmer Digital TV)