menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁၂.၇.၂၀၂၁ မှ ၁၆.၇.၂၀၂၁) ထိ

🌾🌿🥚🍅🌿🌾🌿🥚🍅🌿🌾

🔹ဆန်စပါး🔹
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးကွက်က ငြိမ်နေပြီး ဧရာဝတီတိုင်းဈေးကွက်မှာတော့ ဈေးက အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ စပါးဈေးတွေ တက်လာပြီး ဆန်ဈေးကတော့ အနည်းငယ်သာ အပြောင်းအလဲရှိပါတယ်။ စပါးလက်ကျန်လျော့ပြီး ပြည်တွင်းဝယ်ယူမှုများလို့ဈေးတက်တယ်လို့ သိရပါတယ်။ ပုသိမ်ဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၅၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၂၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ အပြောင်းအလဲမရှိပဲ တစ်အိတ်ကို ၄၁,၀၀၀ ပေါက်ဈေးရှိပါတယ်။ မြောင်းမြဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၈၉,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပြီးဆန်ကတော့တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးကျဆင်းကာ ၂၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ 

ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ဆန်ကတော့တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပြီး ၃၉,၀၀၀ ကျပ်ရှိပါတယ်။ ဖျာပုံပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၈၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကလည်း တစ်အိတ်ကို ၃၉,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ လပွတ္တာပေါ်ဆန်း စပါးကတော့ တင်း ၁၀၀ ကို ၈၆၇,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၃၉,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ 

🔹မတ်ပဲ🔹 
မတ်ပဲကတစ်ပတ်အတွင်း ဈေးတွေကျဆင်းခဲ့ပေမယ့် သောကြာနေ့မှာတော့ ဈေးက ပြန်တက်လာ ခဲ့ပါတယ်။ အိန္ဒိယအစိုးရရဲ့ ပဲသိုလှောင်ခွင့်ကန့်သတ်ချက်ရဲ့ နောက်ဆက်တွဲသက်ရောက်မှုလို့ ကုန်သည်အများက သုံးသပ်မှုတွေရှိသလို ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါအခြေအနေကြောင့် အရောင်းအဝယ် နားထားရတဲ့ အခြေအနေတွေကြောင့် ဈေးကတည်ငြိမ်မှုမရှိပါဘူး။ ရန်ကုန်ဈေးကွက် မှာမတ်ပဲ(FAQ/RC) က တစ်တန်ကို ၁,၁၃၇,၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အနည်းငယ်ဈေးတက်ပါတယ်။ 

 မန္တလေးကတော့ ကုန်စည်ဒိုင်ဈေးမဖွင့်တာ (၃) သုံးရက်မြောက်ရှိပါပြီ။ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၃၆,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင် မှာတော့တစ်တင်းကို ၃၆,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အိန္ဒိယရဲ့ ပဲသိုလှောင်ခွင့်ကန့်သတ်ချက်မပြောင်းလဲတဲ့ကာလအတွင်း ပြည်ပမှာ ပဲတင်သွင်းမှုကို ထိန်းနေရတဲ့အတွက် ပဲဈေးတွေထပ်ပြီး ကျဆင်းသွားနိုင်တယ်လို့ အိန္ဒိယ စီးပွားရေးသတင်းများမှာ ဖော်ပြထားပါတယ်။ 

🔹ပဲစင်းငုံနီ🔹 
ပဲစင်းငုံနီကလည်းဈေးကျဆင်းသွားပါတယ်။ တင်ပို့မှုရှိပေမယ့်ပြည်တွင်းပဲလက်ကျန်မရှိပါဘူး။ ကုန်စည်ဒိုင်တွေလည်း ပိတ်ထားရပြီးအရောင်းအဝယ်လည်း မရှိသလောက်ဖြစ်နေပါတယ်။ အိန္ဒိယက ကုန်သည်တွေကလည်း ပဲသိုလှောင်ခွင့်ကန့်သတ်ချက်ကြောင့် ပိုလျှံပဲတွေကိုဈေးချရောင်း ချနေရပြီး ပြည်တွင်းမှာပါဈေးကျဆင်းနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၀,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ 

🔹ကုလားပဲ🔹 
ကုလားပဲကတော့ ပြည်ပဝယ်ယူမှုများရှိတဲ့အပြင် ပြည်တွင်း လက်ကျန်လည်း မရှိတော့အတွက် အမြင့်ဈေးနဲ့ဈေးငြိမ်နေပြီး အချို့နယ်တွေမှာတော့ ဈေးတက်ပါတယ်။ အတက်ဈေးနဲ့ပဲ ဆက်ပြီး မာနိုင်ခြေရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁,၆၃၀ မှ ၁,၆၇၀ပေါက်ဈေးရှိပြီး ကုလားပဲလုံးဖြူ(ကြီး)ကတော့ တစ်ပိဿာကို ၁,၇၅၀ မှ ၁,၈၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ်ပါတယ်။ ကုလားပဲခြမ်း ကတော့တစ်ပိဿာကို ၂,၁၀၀ ကနေ ၂,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ 

အောင်လံဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၃၃,၀၀၀ နဲ့ဈေးငြိမ်နေပြီး ကုလားပဲ(မြကြေး)ကတော့ တစ်တင်းကို ၃၂,၅၀၀ ပေါက်ဈေးရှိကာ ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပေါင်းတည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲ (HL)က တစ်တင်းကို ၃၁,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။929 ကလည်း တစ်တင်းကို ၃၂,၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊ V2 က တစ်တင်းကို ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ 

🔹ကြက်ဥ၊ဘဲဥ🔹 
ကြက်ဥကတော့ဒီတစ်ပတ်မှာအမြင့်ဆုံးဈေးအထိ ဈေးကွက်ထဲမှာ ဈေးတက်လာခဲ့ပါတယ်။ ကြက်ဥဒိုင်တွေ မှာတော့ ၂၀ kg ကနေ ၂၄ kg အလုံးတွေက တစ်လုံးကို ၁၂၀ ကနေ ၂၀၀ ကြား ပေါက်ဈေးရှိပြီး တစ်လုံးကို ၅၀ကျော်အထိ ဈေးတက်လာခဲ့ပါတယ်။ ဘဲဥကတော့ ဆက်တိုက်ဈေးတွေ မြင့်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မထင်မှတ်အောင်ဈေးကကျဆင်းသွားပါတယ်။ ဝယ်လိုအား နည်းပြီး ကျဆင်းသွားတာဖြစ်ပါတယ်။ ပုံမှန် ၂၀kg မှ ၂၄kg အလုံးတွေဟာ တစ်လုံးကို အနိမ့်ဆုံးဈေး ၁၂၀ ကနေ အမြင့်ဆုံးဈေး ၁၅၅ အထိ ဈေးရှိခဲ့ပေမယ့် လက်ရှိမှာတော့တစ်လုံးကို ၁၀၅ ကနေ ၁၃၀ သာ ပေါက်ဈေးရှိပြီး တစ်လုံးကို ၃၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ 

🔹ခရမ်းချဉ်သီး🔹 
ပြီးခဲ့တဲ့အပတ်အထိဈေးမြင့်နေခဲ့တဲ့ခရမ်းချဉ်သီးက ဒီတစ်ပတ်မှာတော့ ဈေးတွေကျဆင်းသွားခဲ့ပါတယ်။ ကိုဗစ်ကြောင့် ကုန်စည်ဒိုင်တွေ ပိတ်ထားရသလို သယ်ယူပို့ဆောင်ရေးတွေလည်း နားထားရတဲ့အတွက် အဝင်တွေများပြီး ဈေးတွေကကျဆင်းသွားခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာကို ၅၀၀ သာပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁,၀၀၀ လောက်ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တော့ အဝင်မရှိတဲ့အတွက်ဈေးတွေက တက်လာပြီး တစ်သေတ္တာကို ၅,၀၀၀ ကနေ ၈,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။ 

Sources : AMIA (Farmer Digital TV)