menu

“တရုတ်နိုင်ငံဘက်မှ မူဝါဒအမျိုးမျိုးပြောင်းလဲနေသောကြောင့် ဖရဲစျေးကွက်မဖြစ်”


🍀🍉🍀🍉🍀🍉🍀🍉🍀🍉🍀

🔘တရုတ်နိုင်ငံဘက်မှ မူဝါဒအမျိုးမျိုးပြောင်းလဲနေသောကြောင့် ဖရဲစျေးကွက်မဖြစ်ကြောင်း ဖရဲကုန်သည်များထံမှသိရသည်။ ကိုဗစ်အကြောင်းပြချက်နှင့် ပိတ်ထားခဲ့သည့် နှစ်နိုင်ငံသီးနှံများ အဓိကကုန်သွယ်နေသည့် ကျင်းစန်း‌ကျော့ဂိတ် နိုဝင်ဘာ (၂၆) ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့ သော်လည်း တရုတ်နိုင်ငံဘက်မှ သတ်မှတ်ချက်များ ကြန့်ကြာကာ အသီးများပျက်စီးခြင်း စျေးကွက်မရ ခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။

🔘လက်ရှိ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်တွင် ဖရဲကားများ အမြောက်အများရောက်ရှိနေသော်လည်း တရုတ်နိုင်ငံစျေးကွက်ဘက်သို့ အမှန်တကယ်ရောက်ရှိမှုမှာ ကြန့်ကြာနေကြောင်းသိရသည်“တရုတ်ဖက်အကောက်ခွန်မှကြိုတင်ပြင်ဆင်ချိန်မပေးဘဲရုတ်တရက် Normal trade ပြောင်းလိုက်တော့ ကြန့်ကြာမှုဖြစ်ကုန်ပါတယ်။ ပထမအသုတ်ဝင်သွားတဲ့ကားများ(၇)ရက်ကျော်သွားပါပြီ အခုထိ မရောက်သေးပါဘူး။ အရည်သွေးခံနိုင်ဖို့တော့လိုအပ်မယ်” ဟု မူဆယ် သစ်သီဝလံကုန်စည်ဒိုင်မှ ဦးစိုင်းခင်မောင် က ပြောသည်။

🔘တရုတ်ဘက်က ပြောင်းလဲကောက်ခံလာသည့်အခွန်စနစ်ကြောင့် စောင့်ဆိုင်းနေရပြီး အချိန်ကြာနိုင်ကာ ဖရဲသီးများ အရည်သွေးနိမ့်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် နယ်စပ်ဂိတ်သို့ ချင့်ချိန်ပြီးမှဝင်ရောက်ဖို့ အသိပေးထားကြောင်း မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်မှ သိရသည်။ "အချိန်ကြန့်ကြာတော့ အသီးအရည်အသွေးအများကြီးကျသွားတယ်။ ရာသီဥတုကြောင့် လမ်းခရီးကြောင့် အသီးတွေပျက်စီး သွားတယ်။ တချိန်လုံးပြောင်းလဲနေတဲ့ တရုတ်ဘက်က မူဝါဒကို လိုက်လုပ်နေရတာကြောင့် အခုတော့ တရုတ်ဘက်ကို မရောက်သေးဘူး။ စျေးကွက်မဖြစ်သေးဘူး ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး ဖြစ်နေတယ်” ဟု ဖရဲကုန်သည်ကိုမျိုးလှ ကပြောသည်။

🔘တရုတ်ဘက်တွင်မူ မှန်းခြေ ၁ ကီလိုလျှင် ၉ ယွမ်ရရှိကြောင်း ဖရဲကုန်သည်များထံမှ သိရသည်။ လက်ရှိ မူဆယ်နယ်စပ်ဂိတ်သို့ ရှမ်းပြည်နယ်ဘက်မှ ဖရဲကားများအများဆုံးဝင်ရောက်နေကြောင်း သိရသည်။ တရုတ် မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကြော့ဂိတ်မှ တဆင့် တဖက်လျှင်ကွန်တိန်နာ ၅လုံးခန့်စီဖြင့် စတင်ကုန်သွယ်နေပြီး ယင်းကဲ့သို့ကုန်သွယ်ခွင့်ပြုရာတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာ တွင် မြန်မာဘက်ကပို့ကုန်ယာဉ်များကို တိုက်ရိုက်၀င်ရောက်ခွင့်မပြုဘဲ ၎င်းတို့ဘက်မှ တရုတ် ယာဉ်မောင်းများနှင့် အစားထိုးမောင်းနှင့်သည့် ရှန်တိန်စနစ်အပါအဝင် ကွန်တိန်နာစနစ် ဖြင့် ပြောင်းလဲလုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

🔘ဖရဲစိုက်တောင်သူအများစု စိုက်ပျိုးဧကများပုံမှန်ထက်လျော့ချစိုက်ပျိုးကာ တချို့မှာတရုတ်စျေးကွက် အဖွင့်အားမျှော်မှန်း၍ စိုက်ပျိုးထားကြပြီး ယခု တရုတ်မှဂိတ်ကိုပြန်လည်ဖွင့်ပေးလိုက်သော်လည်း စျေးကွက်မဖြစ်သေးသောကြောင့် တောင်သူများအခက်အခဲဖြစ်နေကြောင်းသိရသည်။ ဖရဲသီးအား ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး၊ စစ်ကိုင်းစသည်တို့တွင် အဓိကစိုက်ပြီး တိုင်းနှင့်ပြည်နယ် တော်တော် များများတွင်စိုက်ပျိုးလျက်ရှိသည်။ မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံကိုဖရဲတင်ပို့မှုက နှစ်စဉ်တန်ချိန် ၈ သိန်း ပတ်ချာလည်တွင်ရှိကြောင်း သိရသည်။

🔘သီးနှံဈေးကွက်သတင်းများကို တောင်သူများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : အက္ခရာ (AMIA)