menu

တရုတ်ဝယ်လိုအားကြောင့် ပြည်တွင်းမှငရုတ်သီးခြောက်များဈေးကောင်းရနေ


🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️

➡️ ပြည်တွင်းမှစိုက်ပျိုးထွက်ရှိသော ငရုတ်စိုနှင့်ငရုတ်ခြောက်နှစ်မျိုးရှိရာ တရုတ်ဘက်မှ မေလဆန်းပိုင်းမှစတင်၍ဝယ်ယူလာခြင်းကြောင့် ငရုတ်သီးခြောက်များတင်ပို့လျက်ရှိရာ မိုးထောင် ငရုတ်သီးခြောက်မှာ တစ်ပိဿာလျှင် ငွေကျပ် ၉,၀၀၀ ဝန်းကျင်ရောက်ရှိလာပြီး ဈေးကောင်းရနေ သည်။

➡️ မြ၀တီနယ်စပ်လမ်းကြောင်းဖြင့် ထိုင်းဘက်သို့တင်ပို့ခြင်းမှ တရုတ်ဘက်ကဈေးကောင်းပေးဝယ်ခြင်းကြောင့် တရုတ်ဘက်သို့တင်ပို့မှုများလာသည်ဟု မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ပြောသည်။

➡️ "ပြည်ပကို ခါတိုင်းပို့တဲ့ငရုတ်အစိုသီးကမရှိတော့ဘူး။ နေပြင်းလို့ ငရုတ်သီးတွေကအခြောက်ဖြစ်သွားတယ်။ ငရုတ်သီးခြောက်ကိုပဲ တင်ပို့နေတယ်။ လက်လီမှာ တစ်ပိဿာ ငွေကျပ် ၅,၀၀၀ - ၆,၀၀၀ ဈေးမှာတောင် ဝယ်သူနည်းခဲ့ရာက ခုဆိုတရုတ်ကဝယ်ဈေးမြင့်လာတော့ ငွေကျပ် ၈,၅၀၀ ဖြစ်သွားပြီ။ လက်လီမှာ တစ်ပိသာ ငွေကျပ် ၉,၀၀၀ လောက် ရှိတယ်" ဟု ၎င်းကပြောသည်။

➡️ ငရုတ်သီးတွင် ငရုတ်အတိုသီးနှင့် အရှည်သီးဟူ၍ ရှိရာ အရှည်သီးမှာ ပြည်တွင်းဈေးကွက်တွင် ရောင်းချနေရပြီး ငရုတ်အတိုသီး(ငရုတ်အခြောက်သီး) များကို ပြည်ပသို့တင်ပို့ကြောင်း၊ ငရုတ်သီးခြောက်များကို တရုတ်ဘက်သို့ မိုင်းလားလမ်းပိုင်းမှ တစ်ရက်လျှင်ကုန်တင်ယာဉ် ၆ စီး မှ ၁၀ စီးခန့် တင်ပို့နေသည်။

➡️ "ငရုတ်အခြောက်ဆိုရင် တရုတ်ဘက်အသွားများတယ်။ မိုင်းလားဘက်က လမ်းပိုင်းသိပ် အကောင်းကြီးမဟုတ်ပေမယ့် အဆင်ပြေတဲ့အခြေအနေရှိပါတယ်။ ငရုတ်တောင်သူတွေမှာ လက်ရှိကြုံနေရတာက လုပ်သားရှားပါးမှုနဲ့ကြုံနေရပြီး ပူပြင်းမှုဒဏ်ကြောင့် ငရုတ်အစိုကမရှိသလောက်ဖြစ်နေတယ်" ဟု ဆက်လက်ပြောကြားသည်။

➡️ ငရုတ်ခူးဆွတ်ရာတွင်ရာသီဥတုပူပြင်းမှုကြောင့် အစိုမရရှိနိုင်တော့ဘဲ ငရုတ်ပင်များကို ခုတ်လှဲ၍ အမိုးအကာအောက်တွင် ရွှေ့ပြောင်းခူးဆွတ်ရသည့်ပုံစံ ပြောင်းလဲလုပ်ဆောင်နေရပြီး လုပ်သားရှားပါးမှုနှင့်ကြုံတွေ့ နေရကြောင်း၊ သို့ဖြစ်ရာ လာမည့်နှစ်တွင် ငရုတ်စိုက်တောင်သူ အရေအတွက်နည်းပါးလာနိုင်ရာမှ အထွက်နှုန်းနည်းပါးနိုင်သည်။

➡️ ပြည်ပသို့ ငရုတ်သီးခြောက်များတင်ပို့သည့် အမျိုးအစားများမှာ ၇၇၇ ငရုတ်သီး၊ ၉၉၉ ငရုတ်သီး၊ ဆန်းရှိုင်းငရုတ်သီး စသည့် အမျိုးအစားများဖြစ်ကြောင်းသိရပြီး လက်ရှိတွင်တစ်ပိဿာလျှင် ငွေကျပ် ၆,၅၀၀ ဝန်းကျင်မှ မိုးထောင်ငရုတ်မှာ ၉,၀၀၀ ဝန်းကျင်ထိ ဈေးကောင်းရရှိနေသည်ဟုဆိုသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)