menu

"၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်"


🌾🌧️🌾🌧️🌾🌧️🌾🌧️🌾🌧️🌾

ဘင်္ဂလားပင်လယ်အော်အခြေအနေ
-------------------------------
ယခုဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်သည့် အခြေအနေ
---------------------------
ဇူလိုင်ဒုတိယဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းနိုင်သည့်အ‌ခြေအနေမှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

မိုးရွာသွန်းနိုင်သည့်ရက်များ
----------------------
မိုးရွာသွန်းနိုင်သည့်ရက်များမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၈ ရက်မှ ၁၀ ရက်)ခန့် နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် (၅ ရက်မှ ၇ ရက်)ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြစ်ရေအခြေအနေ
----------------
မြစ်ရေအခြေအနေများမှာ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ချောက်မြို့တို့တွင် ၅ ပေမှ ၇ ပေခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃ ပေ မှ ၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။ 

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ၃ ပေမှ ၅ ပေခန့်၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁ ပေမှ ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၃ ပေမှ ၄ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၃ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၁ ပေခွဲခန့်စီ၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၃ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၂ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေခွဲမှ ၂ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၂ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၂ ပေခန့်နှင့် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန