menu

၂၀၂၁ခုနှစ်အတွင်း ပင်လယ်ရေကြောင်းမှတဆင့် နိုင်ငံတကာသို့ ပဲမျိုးစုံတင်ပို့မှု အခြေအနေ.....


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

✔၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှတဆင့် နိုင်ငံတကာသို့ ပဲမျိုးစုံ တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာသန်း ၂၄၀ ကျော် ပိုမိုရရှိထားကြောင်းသိရသည်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုများကြားမှ ၂၀၂၁ ခုနှစ်အတွင်း ပင်လယ်ရေကြောင်းမှတဆင့် နိုင်ငံတကာသို့ ပဲမျိုးစုံ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာသန်း ၈၄၀ ကျော်ရှိနေပြီး တင်ပို့မှုတွင် မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းတို့မှာ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။

✔ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကြောင့် ကုန်သွယ်မှု နှေးကွေးခဲ့သော်လည်း ပဲမျိုးစုံတင်ပို့မှုကဏ္ဍမှာမူ လျော့ကျမှုမရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း နှင့် ဘဏ္ဍာနှစ်အလိုက်မှတ်တမ်းများအရ ပဲမျိုးစုံတင်ပို့မှုမှာ တန်ချိန် ၂၆၀,၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကြံပေး ပညာရှင် ဦးမျိုးသူကပြောသည်။

✔“ပဲမျိုးစုံအများဆုံးတင်ပို့နေတာကတော့ တရုတ်နဲ့ အိန္ဒိယကိုပါပဲ။ နယ်စပ်ကုန်သွယ်ရေးကနေလည်း သွားသလို၊ ပင်လယ်ရေကြောင်းကနေလည်းသွားနေတယ်။ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ပြီးဖွင့်ရင် လည်း ကုန်သွယ်မှုပမာဏက မြင့်လာဦးမှာပါ ။ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှု ကာလဖြစ်ပေမယ့် ပဲမျိုးစုံတင်ပို့မှုမှာ လျော့ကျသွားခြင်းမရှိဘဲ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်" ဟု ၎င်းကပြောသည်။

✔မြန်မာနိုင်ငံမှပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ ၁,၀၄၅,၃၈၅ တန် (ကန်ဒေါ်လာ ၇၇၃ .၀၂ သန်း) နယ်စပ်မှ ၅၆၀,၉၇၇ တန် (ကန်ဒေါ်လာ ၄၂၂ . ၇၇ သန်း) တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဩဂုတ်လအထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ၁,၀၈၈,၆၀၅ တန် (ကန်ဒေါ်လာ ၈၄၁ .၇၈သန်း) နယ်စပ်မှ ၇၈၂,၂၅၀ တန် (ကန်ဒေါ်လာ ၆၀၀ .၄၆ သန်း)တင်ပို့ထားကြောင်း သိရသည်။

Credit to : TheFarmerMedia