menu

“ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်မှ ပြောင်းတန်ချိန် ၅,၇၀၀ကျော် တင်ပို့”


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

⏩မြန်မာ - တရုတ်နယ်စပ် ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်မှ တရုတ်ဘက်သို့ ဘိန်းအစားထိုးသီးနှံပါမစ်ဖြင့် မြန်မာ့ပြောင်းတန်ချိန် ၅,၇၄၀ ကို နိုဝင်ဘာလအတွင်း တင်ပို့နိုင်ခဲ့ရာ တရုတ်ဘက်မှ ခွင့်ပြုချက်ပေးသည့် GACC အရ တင်ပို့မှုနှင့် မသက်ဆိုင်ကြောင်း သိရသည်။ ထိုသို့ ပြောင်းတင်ပို့မှုကို နိုဝင်ဘာ (၂)ရက် နေ့မှစတင်၍ ဘိန်းအစားထိုးသီးနှံပါမစ်ဖြင့် တင်ပို့ခဲ့ရာ နိုဝင်ဘာ(၂၀)ရက်အတွင်း ယခုကဲ့သို့ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
 
⏩“ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ကချင်ပြည်နယ်ဘက်က ဘိန်းအစားထိုးသီးနှံအနေနဲ့ ပြောင်းတန်ချိန် ၂၄,၀၀၀ တင်သွင်းခွင့်ပေးခဲ့တယ်။ နိုဝင်ဘာလအတွင်းမှာ တင်ပို့ခဲ့တာက ဘိန်းအစားထိုးသီးနှံပါမစ် နဲ့ပါ။ GACC နဲ့ တင်ပို့မှုက သီးသန့်ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ 

⏩ပြောင်းများကို GACC ဖြင့်တင်ပို့မှုများဆောင်ရွက်လျက်ရှိသည့်အပြင် အောက်တိုဘာလမှ စတင်၍ ပင်လယ်ရေကြောင်းမှ တရားစမ်းသပ်တင်ပို့လျက်ရှိရာ နိုဝင်ဘာလဒုတိယသီတင်းပတ်အထိ တန်ချိန် ၁၀,၀၀၀ ၀န်းကျင် တင်ပို့ပြီးဖြစ်ကြောင်းသိရသည်။ “ပြည်ပကို ပြောင်းတင်ပို့ရာမှာ ဈေးနှုန်း အားသာချက် နဲ့ တင်ပို့မှုကုန်ကျစရိတ်ပေါ်မူတည်တယ်။ ဆိုလိုတာက ရင်းနှီးကုန်ကျ စရိတ်တွေအပေါ် ထိုက်သင့်တဲ့အကျိုးအမြတ်ရတဲ့ဘက်ကို တင်ပို့ကြမှာပဲ။ ရှမ်းပြည်နယ်ကဆိုရင် မြ၀တီနဲ့နီးတော့ တင်ပို့မှုကုန်ကျစရိတ် Logistic Cost သက်သာမယ့် ထိုင်းဘက်တင်ပို့ကြမယ်” ဟု မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမင်းခိုင်ကပြောသည်။ 

⏩ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်သောပြောင်းများကို လမ်းပန်း ဆက်သွယ်ရေးနှင့် ဈေးနှုန်းအနေအထား ပေါ်မူတည်၍ တင်ပို့ကြကြောင်း၊ ရှမ်းပြည်နယ်ဒေသများမှ ပြောင်းများမှာ ၎င်းတို့နှင့်နီးစပ်၍ ဈေးကောင်းပေးသော တရုတ်ဘက်သို့တင်ပို့ကြပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ထိုင်းဘက်သို့ တင်ပို့ကြကြောင်းသိရသည်။ 

⏩ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုတွင် ပျမ်းမျှအားဖြင့် တစ်နှစ်လျင် တန်ချိန် ၃.၅ သန်းဝန်းကျင်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုမှာ တန်ချိန်၈သိန်းဖြစ်၍ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၂ သန်းကျော်ရှိကြောင်း၊ ပြီးခဲ့သည့် မိုးရာသီမှာထွက်ရှိသော ပြောင်းများမှာ စိုက်ပျိုးစရိတ်ကုန်ကျမှုမြင့်တက်ခြင်းကြောင့် သွင်းအားစုလျှော့ချ သုံးစွဲခဲ့သည့်အတွက် အရည်အသွေးကျဆင်းခဲ့ကြောင်းသိရသည်။ 

⏩သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)