menu

ဝယ်လိုအား များသဖြင့် ငရုတ်ဈေးကောင်းရနေ


🍃🌶🍃🌶🍃🌶🍃🌶🍃🌶🍃 

 ➡️တရုတ်နိုင်ငံက ဝယ်လိုအား သိသိသာသာမြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းစိုက်ပျိုးသော ငရုတ်တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ကျော်အထိ ရောက်ရှိကာဈေးကောင်းရနေကြောင်း ငရုတ် စိုက်ပျိုးသူများထံမှ သိရသည်။ “ တရုတ်နိုင်ငံမှာ ပစ္စည်းပြတ်တဲ့ အတွက် မြန်မာပြည်တွင်းကနေ အဝယ်များတယ်။ အရင်က တစ်ပိဿာကို ကျပ်၂,၀၀၀ လောက်ရှိရာကနေ ခုဆိုရင် အမြင့်ဆုံး ကျပ် ၅,၂၀၀ အထိ မြင့်တက်လာ တယ်။ စိုက်ပျိုးတောင်သူတွေအတွက်တော့ အဆင်ပြေတဲ့နှစ်လို့ ပြောလို့ ရပါတယ်“ ဟု ငရုတ်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော် က ပြောသည်။ 

 ➡️မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသောငရုတ်များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အများဆုံးဝယ်ယူကြပြီး လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းအရ ထိုင်းနိုင်ငံအနေဖြင့်ဝယ်ယူရန် တွက်ခြေမကိုက်တော့သဖြင့် ဝယ်ယူမှုနည်းပါးသွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လိုအပ်ချက်မြင့်မားခြင်းကြောင့် ဝယ်ယူမှုကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ဆက်လက်လည်း ဝယ်ယူမည့်အနေအထားတွင်ရှိကြောင်း သိရသည်။ 

 ➡️“တရုတ်က ဆက်ဝယ်ယူမဲ့အခြေအနေတော့ ရှိတယ်။ ဒါပေမဲ့ လက်ရှိပေါက်ဈေးက တရုတ်ငွေနဲ့ တွက်ချက်ရင် သူတို့ကပေါက်ဈေးထက် နည်းနည်းလျော့သေးတယ်။ ဆက်တက်မယ်ဆိုရင် သူတို့ဆီက ပေါက်ဈေးထက် များသွားရင်တော့ အဝယ်ကို ထိန်းသွားနိုင်တယ်။ ဒါကြောင့် ဒီထက်ဈေးတက်ဖို့ ရာခိုင်နှုန်းကတော့ နည်းတယ်။ ဒါပေမဲ့ ပြောလို့တော့မရဘူး၊ ကျောက်ဆည်နယ်ဘက်ကထွက်တဲ့ ငရုတ်ဆိုရင် သူတို့ (တရုတ်) က တစ်ပိဿာကို ကျပ် ၁၀,၀၀၀ကျော်အထိ ပေးဝယ်ခဲ့ဖူးတယ်“ ဟု ဒေါ်ဥမ္မာကျော်က ဆက်လက်ပြောသည်။ 

 ➡️ယခုကဲ့သို့ ဈေးနှုန်းကောင်းများ ရရှိ နေသော်လည်း ရောင်းချရမှုပိုင်းတွင် ငွေအကျေချေသည့်စနစ်မျိုး မဟုတ်ဘဲ နားလည်မှုဖြင့် ရောင်းချနေရကြောင်း၊ ပြည်တွင်းအခြေအနေကြောင့် ဘဏ်တော်တော်များများ ပိတ်ထားရသဖြင့် ငွေကြေးပိုင်းဆိုင်ရာတွင်လည်း အခက်အခဲအချို့ ဖြစ်ပေါ်နေကြောင်း သိရသည်။လက်ရှိတွင် ငရုတ်မှာ ဧရာဝတိုင်း ဒေသကြီးက အများဆုံးထွက်ရှိနေပြီးလှိုင်လှိုင်ထွက်ရှိသည့် အနေအထားမျိုးတော့ မရှိသေးကြောင်း၊ မကြာမီတွင် လှိုင်လှိုင်ထွက်ပေါ်လာတော့မည်ဖြစ်ပြီး ယခုကဲ့သို့ ဝယ်လိုအားကောင်းမွန်နေသဖြင့်စိုက်ပျိုးတောင်သူများအတွက် အဆင်ပြေသည့်နှစ်တစ်နှစ် ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 ➡️“ကျွန်တော်တို့ဘက်မှာ ထွက်တော့ ထွက်ပြီး ကားတစ်စီးစာအတွက်အထိတော့ မရသေးဘူး။ စုပေါင်း ပြီး ရောင်းချရမဲ့အခြေအနေပဲ ရှိသေးတယ်။ မကြာမီမှာတော့လှိုင်လှိုင်ထွက်လာတော့မှာဖြစ်တယ်။ ဒီနှစ်အတွက်ကတော့ တရုတ်ဝယ်လိုအားကကျဆင်းခြင်းမရှိဘဲဆက်လက်ကောင်းမယ်လို့ မျှော်လင့်ပါတယ်” ဟု ငရုတ်စိုက်တောင်သူ ဦးထွန်းအေးကပြောသည်။ ငရုတ်သီးကို ဆောင်းငရုတ်နှင့် မိုးငရုတ်ဟု နှစ်မျိုး ခွဲခြားစိုက်ပျိုးကြကြောင်း သိရသည်။ 

 မျိုးသန့် 

 မြန်မာတောင်သူကြီးများဂျာနယ် 

 ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁-၂၆) ရက်