menu

"ယခင်နှစ်ထက် ပိုမိုဈေးကောင်းနေသည့် မြေထောက်ပဲဈေးကွက်"


🌱🌸🌱🌸🌱🌸🌱🌸🌱🌸🌱

⏺ဧရာဝတီမြစ်တစ်လျှောက် ကျွန်းစိုက်ခင်းများမှထွက်ရှိသည့်မြေထောက်ပဲများ ဈေးကောင်းရသဖြင့် အထွက်နှုန်းကောင်းသည့် စိုက်ပျိုးသူများ အဆင်ပြေလာကြောင်း သိရသည်။ မြေထောက်ပဲများမှာ ကျွန်းစိုက်ခင်းများမှ အများဆုံးထွက်ရှိပြီး ရွှေကူ၊ တကောင်းဒေသမှ ထွက်ရှိသည့် မြေထောက်ပဲများမှာ အရည်အသွေးအကောင်းဆုံးဖြစ်ကြောင်း သိရသည်။

⏺တကောင်းဒေသရှိ ကျွန်းစိုက်ခင်းများတွင် မြေထောက်ပဲကို ၀. ၇၅ ဧကအကျယ်များတွင် အကန့်လိုက်စိုက်ပျိုးကြရာ ယခုနှစ်တွင် မြေထောက်ပဲ ၂၀ တင်းကျော်ထွက်ရှိသဖြင့် ယခုနှစ် ပေါက်ဈေးအရ သုံးတင်ဝင်တစ်အိတ်ကျပ် ၁၄၂,၀၀၀ ပေါက်ဈေးရှိသဖြင့် ကျပ် ၁၀သိန်းနီးပါးဝင်ငွေ ရရှိကြကြောင်း သိရသည်။

⏺ယခုနှစ်တွင် ပိုးမွှားကျရောက်မှုနည်းခြင်း၊ ရာသီဥတုမျှတခြင်းတို့ကြောင့် စိုက်ပျိုးမှုအများစုမှာ ပဲအထွက်နှုန်းကောင်းမွန်ကြကြောင်း မြေထောက်ပဲပေါက်ဈေးမှာလည်း ယခင်နှစ်ထက် တစ်အိတ်ကျပ် ၂၀,၀၀၀ ကျော် ဈေးပိုမိုရရှိကြောင်း တကောင်းမြို မှ မြေထောက်ပဲစိုက်တောင်သူ ကိုလင်းနိုင်က ပြောသည်။

⏺“ဒီနှစ်အထွက်နှုန်းကောင်းကြတယ်။ ကျွန်းစိုက်ခင်းတွေက တစ်ကန့်ကို မြေထောက်ပဲ သုံးတင်းအိတ် ၇ အိတ် ထွက်ပါတယ်။ ၁၀သိန်းနီးပါး ရကြတယ်။ အစောပိုင်းရက်တွေမှာတော့ ဈေးကျနေတာက ပြန်ကောင်းလာတာပါ။ ဒီနှစ် တောင်သူတွေ ဈေးပိုရလာပါတယ်။ ရာသီဥတုလေးကောင်းတော့ အထွက်နှုန်းကောင်း၊ ဈေးလည်းကောင်းတော့ တောင်သူတွေ အဆင်ပြေတဲ့နှစ်လို ပြောလို့ရပါတယ် ”ဟု ၎င်းကပြောသည်။

⏺တင်ပို့စရိတ်များ၊ လုပ်သားခများလည်း ဈေးမြင့်တက်သော်လည်း အထွက်နှုန်းကောင်းသည့် တောင်သူများအတွက် မြေထောက်ပဲဈေးကောင်းခြင်းကြောင့် ယခင်နှစ်ထက် ပိုမိုအဆင်ပြေလာကြောင်း ရွှေကူမြို့ မှ ပဲကုန်သည် ကိုမြင့်နိုင်က ပြောသည်။

⏺“ပဲဈေးတွေကောင်းသလို တင်ပို့မှုစရိတ်တွေလည်း မြင့်လာတယ်။ လက်ရှိမှာ ရွှေကူဒေသကနေ မန္တလေး ဈေးကွက်ကို နေ့ချင်းပေါက်မရောက်တော့ဘူး။ စက်သုံးဆီဈေးတွေမြင့်တော့ ကားခတွေဆိုရင်လည်း မနှစ်က နှမ်းတစ်အိတ် ကျပ် ၂,၀၀၀ ကနေ ကျပ် ၂,၅၀၀ ၊ ပဲတစ်အိတ်ဆိုရင် ကျပ် ၂,၅၀၀ ကနေ ကျပ် ၃,၀၀၀ ဈေးတက်ပါတယ်။ လက်ရှိမှာတော့ ပွဲရုံတွေကို ပဲအထွက်ကောင်းတဲ့သူကောင်းကြပါတယ်။ တနယ်လုံးဆိုရင် ပုံမှန်ပဲအထွက်နှုန်းအတိုင်းထွက်ကြပါတယ်။ မြေထောက်ပဲ စတင်ထွက်လာချိန် ဈေးကျဆင်းမှု ရှိခဲ့ပေမယ့်ဖေဖော်ဝါရီ (၁၅) ရက်နောက်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပါတယ်” ဟု၎င်းက ပြောသည်။

⏺ယခင်နှစ်က ရွှေကူ၊ တကောင်းဒေသမှ မြေထောက်ပဲကို မန္တလေးဈေးကွက်နှင့် လွယ်ဂျယ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို တိုက်ရိုက်တင်ပိုမှုများရှိခဲ့သော်လည်း ယခုနှစ်တွင် မန္တလေးဈေးကွက်ကိုသာ တင်ပို့နေ ကြောင်း သိရသည်။ မြေထောက်ပဲမှာ နှစ်စဉ် ဖေဖော်ဝါလဆန်းပိုင်းမှ မတ်လကုန်ထိ ထွက်ရှိပြီး ဖေဖော်ဝါရီ (၂၁) ရက်က မြေထောက်ပဲမှာ အရည်အသွေးအလိုက် ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ် ကျပ် ၁၃၂,၀၀၀၊ ၁၃၈,၀၀၀၊ ၁၄၀,၀၀၀၊ ၁၄၂,၀၀၀ အသီးသီးပေါက်ဈေးရှိကြောင်း သိရသည်။

⏺သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း(The Farmer Myanmar)