menu

ယခုရက်ပိုင်း ကြက်သွန်နီဈေးကွက် အခြေအနေ


🧅🧅🧅🧅🧅🧅🧅🧅🧅🧅

✅ ယခုလပိုင်းတွင် ကြက်သွန်နီထွက်အားကောင်းနေပြီး တောင်သူများက လက်ဝယ်မထားတော့ဘဲ ရောင်းချနေခြင်းကြောင့် မန္တလေးဈေးကွက်သို့အဝင်များကာ အတက်အကျမရှိဘဲ ယခင်လက ဈေးများအတိုင်း ပုံမှန်အနေအထားတွင်ရှိနေကြောင်း မန္တလေးကြက်သွန်ဈေးကွက်မှ သိရသည်။ အထွက်နှုန်းများချိန် ဈေးကျဆင်းသည်ဆိုသော်လည်း လက်ရှိတွင် ကြက်သွန်နီကို ဗီယက်နမ်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ရန် ဝယ်ယူမှုများကြောင့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၁,၀၀၀ အထက်တွင်ဈေးငြိမ်နေသည် ဟု ဆိုသည်။

✅ “ကြက်သွန်ပေါပြီဆိုရင် တစ်ပိဿာ ၂၀၀ - ၃၀၀ တောင် ဝယ်သူမရှိဖြစ်ခဲ့တဲ့နှစ်မျိုးရှိခဲ့ဖူးတယ်။ ကြက်သွန်ထွက်အားကောင်းတဲ့ ခုလိုအချိန်မှာ ပြည်ပကဝယ်တာရှိနေလို့ ဈေးကအကျနှေးတာပါ။ ပြည်ပဝယ်ယူမှုကလည်း ခြောက်တာနဲ့ကောင်းတာပဲဝယ်တော့ ခုဝင်လာတာက အသစ်ဖြစ်လို့ ကြက်သွန်က စိုနေတာ။ သူတို့ဝယ်လို့လည်းဈေးက တင်းခံနေတဲ့သဘောပဲ”ဟု မန္တလေးမြို့ ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံပိုင်ရှင် ကိုမောင်က ပြောသည်။ လက်ရှိ ကြက်သွန်နီ တစ်ပိဿာ၏ လက်ကားပေါက်ဈေးအရ မြစ်သား(ထိပ်စ)မှာ အနိမ့်ဆုံး ငွေကျပ် ၁,၂၀၀ မှ အမြင့်ဆုံး ၁,၅၀၀ နှင့် ကြက်သွန်နီ(အကြမ်း)ဈေးမှာ ငွေကျပ် ၅၀၀ မှ ၈၀၀ ဝန်းကျင်ရှိကြောင်း၊ အရည်သွေးကောင်းပါက ပေါက်ဈေးထက် ငွေကျပ် ၁၀၀ - ၂၀၀ ထိ ပိုမိုရရှိပြီး ပြည်ပတင်ပို့မှုအတွက် ရန်ကုန်(ဘုရင့်နောင်) ဈေးကွက်သို့ တင်ပို့သူများလည်းရှိကြောင်းသိရသည်။

✅ “တောင်သူတွေကလည်း အရည်အသွေးမမှီတာတွေကို ရောင်းနေကြတယ်။ နောက်လဆိုရင် ကြက်သွန်ဖေါ်မှာတွေကလည်း အများကြီးရှိသေးတော့ ကြိုတင်ဈေးမှာ ၇၀၀ - ၈၀၀ လောက်ပေးရင် ရောင်းနေကြတယ်။ အကြောင်းအမျိုးမျိုးကြောင့်အများစုက လက်ထဲမထားတော့ဘူး။ ပြည်ပတင်ပို့ဖို့ ဝယ်တော့ဝယ်ကြပေမယ့် လမ်းပန်းအခြေအနေကြောင့် ခပ်အေးအေးအနေအထားမှာပဲရှိတယ်” ဟု ဆက်လက်ပြောကြားသည်။

✅ “ယခုဈေးကွက်သို့ဝင်လာသည့် နွေစိုက်ကြက်သွန်နီ(အကြမ်း)မှာ ကြာရှည်အထားခံသောကြောင့် လှောင်လက်များအကြိုက်ဖြစ်ပြီး ယခုနှစ်တွင် ယမန်နှစ်ထက် ကြက်သွန်နီ ထွက်နှုန်းကောင်းမှာ ၂ ဆခန့် ပိုမိုလာသောကြောင့် သိုလှောင်ရန်ဝယ်ယူမှုအတွက် ဈေးကွက်နှင့် ကြက်သွန်နီအရည်အသွေးကို စောင့်ကြည့်နေဆဲဖြစ်သည်” ဟု မြစ်သားမြို့မှ ကြက်သွန်နီပွဲစားတစ်ဦးက သုံးသပ်ပြောဆိုသည်။

✅ “နွေစိုက်ကြက်သွန်ပေါ်လာတဲ့ စပ်ကူးမတ်ကူးကာလလို့ ပြောရမယ်။ တစ်နှစ်လုံးလှောင်လို့ရတဲ့ ကြက်သွန်နီတွေ စပေါ်တာဖြစ်ပြီး လာမယ့်ဧပြီလလောက်ထိ အများကြီးထွက်လာမယ်။ အထွက်က မနှစ်က စိုက်တဲ့သူနည်းတာနဲ့ ရာသီဥတုကြောင့်အထွက်နည်းလို့ ပြီးခဲ့တဲ့နှစ်တုန်းက ဈေးကောင်းခဲ့တော့ ကြက်သွန်စိုက်ဧကတိုးလာပြီး အထွက်နှုန်းများလာတာပေါ့” ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် ကြက်သွန်နီဈေးကွက်မှာ မြိတ်စားကြက်သွန်များဖြစ်ပြီး တော်သလင်းနှင့် သီတင်းကျွတ်လများတွင် စိုက်ပျိုးထွက်ရှိခြင်းဖြစ်ပြီး စိုက်ပျိုးသူနည်းခဲ့သဖြင့် တစ်ဧကလျင် ပိဿာချိန် အများဆုံး ၂,၀၀၀ ခန့်သာထွက်ရှိခဲ့ပြီး ယခုဈေးကွက်မှ ကြက်သွန်နီများမှာ တစ်ဧကလျင် ပိသာချိန် ၂,၀၀၀ မှ ၃,၀၀၀ ထိ ထွက်ရှိကြောင်းသိရသည်။

✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း