menu

ယခုတစ်ပတ်အတွက် ပဲမျိုးစုံ နှင့် နှမ်းဈေးကွက်သတင်း


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

မတ်ပဲ၊ ပဲစင်းငုံ 
-----------

မတ်ပဲနှင့် ပဲစင်းငုံနီက ဒီတစ်ပတ်မှာ တစ်တန်ကို ငွေကျပ် ၂ သိန်းကျော်ဆီ ဈေးကျသွားခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပဲဈေးကွက်အတွင်း ပို့ကုန်ပဲဖြစ်သည့် မတ်ပဲ နှင့် ပဲစင်းငုံနီက ဈေးတွေ ဆက်တိုက်ကျဆင်းနေပေမယ့် ဆက်တိုက်ဈေးကျဆင်းခဲ့သည့် ကုလားပဲက ဒီတစ်ပတ်မှာ အကျဈေးနဲ့ ဈေးငြိမ်သွားခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အခြားပဲမာအများစုကတော့ အမြင့်ဈေးဖြင့် ဈေးကွက်အတွင်း ဈေးငြိမ်နေသည်။ “ဈေးကွက်အတွင်းမှာလည်း ငွေကြေးဈေးတွေရယ် ပိတ်ရက်တွေရယ်ကြောင့် ကုန်သည်တွေက စောင့်ကြည့်နေကြတာပေါ့။ အရောင်းအဝယ်ကတော့မရှိဘူး ဒါပေမယ့် ဒီနှစ်ရက်အတွင်း ဈေးက နည်းနည်းလေးပြန်သွက်လာတယ် အိန္ဒိယရဲ့အခြေအနေကို စောင့်ကြည့်နေကြတာပေါ့” ဟု ပဲရောင်းဝယ်သူကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိ အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးသတင်းများအရ မုတ်သုံအဝင်နောက်ကျခြင်းကြောင့် မတ်ပဲစိုက်ပျိုးမှု နောက်ကျနိုင်သည့်အတွက် မတ်ပဲဈေးဟာ ဆက်ပြီးဈေးကောင်းရရှိနိုင်တယ်လို့ ဖော်ပြထားချက်အရ သိရသည်။ ပဲစင်းငုံနီကတော့ အိန္ဒိယအစိုးရက အာဖရိကပဲစင်းငုံနီကို တင်သွင်းသွားရန်စီစဉ်နေပြီး ပဲသိုလှောင်တာတွေနဲ့ပတ်သတ်ပြီး ကြပ်မတ်နေသည့်အတွက် ဈေးကကျဆင်းသွားခြင်းဖြစ်သည်။ မြန်မာပြည်တွင်းမှာတော့ တင်ပို့ရန်ပဲကျန်ရှိနေပြီး လက်ကျန်မရှိတော့သည့်အတွက် အရောင်းအဝယ် အေး ဈေးကျဆင်းသွားကြောင်း ကုန်သည်များထံကနေ သိရသည်။ မတ်ပဲ( FAQ/RC) ကလည်း ဒီတစ်ပတ်မှာ တစ်တန်ကို ၂,၁၈၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့သည့် အပတ်နှင့် နှိုင်းယှဉ်ပါက တစ်တန်ကို ၁၉၅,၀၀၀ ကျပ် ဈေးကျဆင်းသွားသည်။ FOB ဈေးနှုန်းကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၉၅၀ ကနေ ၉၇၀ ပေါက်ဈေးရှိပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀ ဈေးကျဆင်းသွားသည်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ် တစ်တန်ကို ၂,၉၀၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့သည့်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်တန်ကို ၂၂၅,၀၀၀ ကျပ် ဈေးကျဆင်းသွားသည်။ FOB ဈေးနှုန်းကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁,၂၀၀ ကနေ ၁,၂၂၀ ပေါက်ဈေးရှိပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၀ ဈေးကျဆင်းသွားသည်။

ကုလားပဲ
-------

သုံးပတ်ဆက်တိုက် ဈေးကျဆင်းခဲ့သည့် ကုလားပဲက ဒီတစ်ပတ်မှာတော့ အကျဈေးဖြင့် ဈေးငြိမ် သွားခဲ့သည်။ နယ်ကုန်စည်ဒိုင်များတွင်လည်း အရောင်းအဝယ်မရှိကြောင်း ကုန်သည်များထံမှ သိရသည်။ လက်ကျန်နည်းသည့်အပြင် ဈေးကိုစောင့်ကြည့်နေသည့်အတွက် အရောင်းလည်းတန့်သွားသည်ဟု ဆိုသည်။ ပြည်တွင်း ကုလားပဲဈေးများ မြင့်တက်နေသည့်အတွက် ပြည်ပမှတဆင့် ပြန်လည်ဝယ်ယူရောင်းချနေ သည့်အတွက် ကုလားပဲဈေးက လက်ရှိပေါက်ဈေးနှုန်းထက် ကျဆင်းနိုင်ခြေရှိသေးကြောင့် ကုန်သည်အချို့က ခန့်မှန်းသုံးသပ်ထားသည်။ လက်ရှိ ပြည်တွင်းပေါက်ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ဖြင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါး ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး စံချိန်တင်ဈေးမြင့်တက်နေခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄,၂၅၀ ကနေ ၄,၄၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄,၃၃၀ ကနေ ၄,၄၂၀ ပေါက်ဈေး ရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅,၇၀၀ ကနေ ၅,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းသွားသည်။ မန္တလေးဈေးကွက်မှာ ကုလားပဲတစ်အိတ်ကို ၂၄၅,၀၀၀ ကနေ ၂၅၇,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး အတက်အကျ အနည်းငယ်သာ အပြောင်းအလဲရှိနေသည်။

ပဲကြီး၊ ထောပတ်ပဲ၊ မြေထောက်ပဲ
-----------------------------

ပဲကြီး၊ ထောပတ်ပဲနှင့် မြေထောက်ပဲ တို့ကတော့ လက်ရှိ ပဲဈေးကွက်အတွင်း အမြင့်ဆုံးရှိနေသည့် ပဲများ ဖြစ်သည်။ ပြည်တွင်း စိုက်ပျိုးမှုနည်းသည့် ပဲများဖြစ်သည့်အပြင် ပြည်ပနိုင်ငံများကပါ အများအပြား ဝယ်ယူနေတာဖြစ်သည့်အတွက် စံချိန်တင်ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း ပဲကုန်သည်များ ထံမှသိရှိရသည်။ ပဲကြီးက တစ်အိတ်ကို ၂၈၅,၀၀၀ ကနေ ၃၀၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်၊ ပဲထောပတ်က တစ်အိတ်ကို ၂၆၀,၀၀၀ ကနေ ၂၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်၊ မြေ‌ထောက်ပဲကတော့ တစ်အိတ်ကို ၂၈၅,၀၀၀ ကနေ ၃၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့်နှစ်ဖြင့် နှိုင်းယှဉ်ပါကလည်း တစ်အိတ်ကို နှစ်ဆနီးပါး ‌ဈေးမြင့်တက်လာခြင်းဖြစ်သည်။

နှမ်းမျိုးစုံဈေးကွက်
--------------- 

နှမ်းမျိုးစုံကတော့ နေ့စဉ်ဈေးကွက်ထဲ အဝင်ပေါ်မူတည်ပြီး အရောင်းအဝယ်ရှိနေသည့်အတွက် ဈေးက အတက်အကျအနည်းငယ်သာ အပြောင်းအလဲရှိနေသည်။ အသစ်တွေလည်း ဈေးကွက်ထဲအဝင်ရှိ နေသည့်အတွက် အမြင့်ဈေးဖြင့် ဈေးကောင်းရရှိနေပေမယ့် ဆက်ပြီးဈေးတက်တာမျိုး မရှိသည်ကို တွေ့ရသည်။ နှမ်းနက်(စမုံ)က မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၃၂၀,၀၀၀ ကနေ ၃၄၅,၀၀၀ ကြား ပေါက် ဈေးရှိနေပြီး တစ်အိတ်ကို ငွေကျပ် ၅,၀၀၀ နီးပါးသာ အတက်အကျရှိနေသည်။ နှမ်းဖြူကလည်း အသစ်တစ်အိတ်ကို ၃၄၀,၀၀၀ ကနေ ၃၄၅,၀၀၀ ပေါက်ဈေးရှိပြီး အဟောင်း တစ်အိတ်ကို ၃၃၀,၀၀၀ ကနေ ၃၃၅,၀၀၀ ပေါက်ဈေးရှိနေသည်။ နှမ်းဖြူ(ဂျပန်)ကတော့ အရည်အသွေး ကောင်းပြီး အဝယ်များသည့်အတွက် တစ်အိတ်ကို ၃၆၅,၀၀၀ ပေါက်ဈေးရှိနေသည်။

သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Credit : AMIA