menu

ယခုတစ်ပတ်အတွက် ပဲမျိုးစုံဈေးကွက်အခြေအနေ .....


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

↗️ ယခုတစ်ပတ်တွင် အိန္ဒိယနိုင်ငံသို့တင်ပို့ရန် ပို့ကုန်အလားအလာ အကောင်းဆုံးပဲအဖြစ် ပဲစင်းငုံအရောင်းအဝယ်သွက်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံကသိရသည်။ ဒီဇင်ဘာလကုန်ရက်များနှင့် နှစ်သစ်ကူးနောက်ပိုင်း ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်ကောင်းလာနိုင်သလို ပို့ကုန်ပဲများမှာ အမြင့်ဈေးအတိုင်း ကျဆင်းစရာမရှိကြောင်း၊ မတ်ပဲနှင့် ပဲစင်းငုံမှာ အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားလိုအပ် ချက်များနေတာကြောင့်လည်း ဈေးကွက်အတွင်း အဝင်များသလောက်ဈေးကျဆင်းနိုင်ဖို့ မရှိနိုင် ကြောင်း ပဲ၊ နှမ်း ကုန်သည်များက သုံးသပ်ထားသည်။

↗️ ဒီဇင်ဘာလကုန်ပိုင်းရက်များတွင် ပဲ၊နှမ်းဈေးကွက်အတွင်းသို့ အသစ်ဝင်ပဲများ ဝင်ရောက်လာ မည်ဖြစ်ရာ ဈေးကွက်ပြန်လည်အရောင်းအဝယ်ကောင်းလာနိုင်ကြောင်း လက်ရှိအချိန်တွင် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးဖြင့် အရောင်းအဝယ်အေးနေကြောင်း၊ ပို့ကုန်ပဲများလည်း လက်ရှိအချိန်တွင် ဈေးမြင့်တက်နေရာမှ ဈေးငြိမ်နေကြောင်း ပစ္စည်းအသစ်ဝင်ရောက်မှုများရှိလာပါက ဈေးကွက်ပြန်လည်လှုပ်ရှားနိုင်မည်ဖြစ်ပြီး လက်ရှိပေါက်ဈေးထက်ကျဆင်းစရာမရှိကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

↗️ မကြာမီရက်ပိုင်းအတွင်း အသစ်ဝင်ပဲများဝင်ရောက်လာပါက ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်ကောင်းလာနိုင်ပေမယ့် လက်ရှိမှာတော့ ပဲလက်ကျန်မရှိတော့ အရောင်းအဝယ်က ခပ်အေးအေးသာ ရှိနေပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေက လက်ကျန်နည်းတော့ ဈေးကောင်းလာပါတယ်။ ပဲစင်းငုံကတော့ ဈေးအဖွင့်ကောင်းနေပါတယ်။ ပြည်တွင်းသုံးပဲမာလိုင်းတွေကတော့ အသစ်တွေ ရက်ပိုင်းအတွင်း ဝင်လာစရာရှိပါတယ်။ နှမ်းနက်တွေကတော့ တရုတ်လိုင်းအဝယ်ကောင်းနေပါတယ်။ မြေပဲဆံတွေကတော့ ဈေးပြန်ကောင်းအဝယ်သွက်နေတယ်" ဟု ၎င်းကပြောသည်။

↗️ ဒီဇင်ဘာ(၂၁)ရက်တွင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ ပဲစင်းငုံ ပိဿာ ၆၀ သုံးတင်းတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀ ပေါက်ဈေးရှိနေသည်၊၊ ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၀,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး ဒီဇင်ဘာ (၂၁)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ V7တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၈,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။

↗️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၄၂၈,၅၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၅၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ မြေပဲအနီလုံး ဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၆,၆၀၀ - ၇,၁၀၀ ပေါက်ဈေးမြင့်တက်လာသည်။

↗️ နှမ်းမျိုးစုံမှာ တရုတ်နှစ်သစ်ကူးကာလအတွက် အဝယ်ကောင်းလာရာ ဒီဇင်ဘာ(၂၁)ရက်တွင် နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀၊ နှမ်းညို(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ နှမ်းနက်စမုန်တစ်အိတ်လျှင် ငွေကျပ် ၃၅၅,၀၀၀ ပေါက်ဈေးအထိ ဈေးမြင့်တက်ကြောင်း သိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)