menu

ရာသီဥတုအေးနေရင် မျိုးညှောင့်ဖောက်တဲ့စနစ်ကို သတိပြုပါ


🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾  

🔘ရာသီဥတုကအေးမယ်။ နေ့အပူချိန်လည်းကျသလို ညအပူချိန်ပါကျနေမယ်ဆိုရင် မျိုးစပါး အညှောင့် ပေါက်မကောင်းတဲ့ ပြဿနာတစ်ခုကြုံရတတ်ပါတယ်။ စပါးပင်ရဲ့ကြီးထွားမှုသည် ပတ်ဝန်းကျင်လေထု စိုထိုင်းဆ ၊ အပူချိန်တို့နှင့် အများကြီးဆက်စပ်ပါသည်။ စပါးသည်အပူချိန် (၁၀) ဒီဂရီစင်တီဂရိတ် အောက်ရောက်လျှင် အညှောင့်ပေါက်တာနှေးစေပါသည်။ တစ်ဖန် (၃၅) ဒီဂရီစင်တီဂရိတ် အောက်ရှိ လျှင် အမြစ်စွဲအားကောင်းစေသည်။ နေ့အပူချိန် (၃၅) ဒီဂရီစင်တီဂရိတ်ရှိပြီး ညအပူချိန် (၁၅) ဒီဂရီ စင်တီဂရိတ် ရှိနေလျှင်အပင်ပွားစည်းအားကောင်းသည်ဟု ဆိုကြသည်။  

🔘တောင်သူဦးကြီးတို့၏ မျိုးစပါးအညှောင့်ပေါက်ညံ့ရခြင်းမှာ (၁)မျိုးကိုက အပင်ပေါက်ညံ့ခြင်း။ (၂)မျိုးစေ့ ဖောက်တဲ့စနစ်ချို့ယွင်းခြင်း တို့ကြောင့်ဖြစ်သည်။ ထို့ကြောင့်မျိုးစပါးအတွက် မျိုးစေ့ကို အပင်ပေါက်နှုန်း ၈၅ ရာခိုင်နှုန်း အထက်ရှိတဲ့မျိုးစေ့ကိုအသုံးပြုကြပါ ဟု ဆိုခြင်းဖြစ်သည်။ ထို့ပြင်ရာသီဥတုအေးနေလျှင် မျိုးစေ့အညှောင့်ဖောက်တဲ့စနစ်ကို သတိပြုဆောင်ရွက်စေချင်ပါသည်။ ရာသီဥတုအေးနေတဲ့အချိန်မှာ မျိုးညှောင့်ဖောက်တဲ့စနစ်ချို့ယွင်းနေရင် သေချာပေါက်မျိုးစေ့အညှောင့်ပေါက်ညံ့မှာဖြစ်ပါသည်။ ၎င်းအတွက် အေးနေတဲ့ရာသီမှာ မျိုးညှောင့်ဖောက်တဲ့ နည်းစနစ်ကောင်းလေးကိုတင်ပြအပ်ပါသည်။

🔘အလျား ၁၂ပေ x အနံ ၈ပေ x အနက် (၃.၅ - ၄ )ပေ ရှိကျင်းတစ်ကျင်းတူးပါ။ တူးလို့ရလာတဲ့ မြေစာများ ကို ကျင်းပတ်ပတ်လည်မှာ စနစ်တကျပုံပေးပါ။ ကျင်းတူးသည့်အချိန်ကျင်းထဲတွင် ခြောက်သွေ့နေစေဖို့ သတိပြုရပါမည်။ ရေလုံးဝင်ခြင်း၊ ရေထွက်ခြင်းများ မရှိစေရပါ။ ၎င်းကျင်းထဲသို့ကောက်ရိုးအမှိုက်ခြောက် ထည့်ပြီးမီးရှို့ပေးပါ။ မီးရှို့လိုက်လျင်မြေအောက်ရှိမြေငွေ့အပူသည် ကျင်းပေါ်သို့တက်လာပါလိမ့်မည်။ ကျင်း၏အောက်ခြေတွင် ကောက်ရိုးခြောက် ၆ လက်မ ထု ခင်းပေးပါ။ ၎င်းနောက် ရေတစ်ညစိမ်ထား သည့် မျိုးစပါးအိတ်များကို ရေကုန်အောင်စစ်ပြီး ကျင်းထဲကကောက်ရိုးပေါ်မှာစီပြီးထပ်ထားပါ။

🔘ပြီးနောက် အိတ်များအပေါ်မှ ကောက်ရိုးခြောက်ထူထူ လုံနေအောင်ပြန်ဖုံးပေးပါ။ ထို့နောက် အပေါ်မှ တာလပတ် (သို့မဟုတ်) ပလပ်စတစ်နှင့် လုံအောင်ဖုံးပြီး ဘေးပတ်ပတ်လည်မှ အုတ်ခဲကျိုးများနှင့် ဖိပေး ထားပါ။ ၎င်းကျင်းတစ်ကျင်းလျှင် စပါး(၁၀-၁၅) အိတ်ခန့်ဝင်ဆံ့ပါသည်။ နှစ်ညခန့်အုပ်ပြီးလျှင်စပါးအိတ်များကို ပြန်ဖော်ပါ။ ထိုအချိန်တွင် ဖွေးနေအောင်အညှောင့်များထွက်နေသော မျိုးစပါးစေ့များကိုရရှိမှာဖြစ်ပါသည်။  

စစ်မှန် ပြည့်ဝ ဝိစာရ  

Credit : အောင်ဆန်း (စိုက်ပျိုးရေး)