menu

ပဲတီစိမ်း၊ မတ်ပဲတွင် ဖြစ်ပွားတတ်သော “ခါးရိရောဂါ”


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

✅ပဲတီစိမ်း၊ မတ်ပဲစိုက်ပျိုးပြီးပါက မိမိတို့၏ စိုက်ခင်းများတွင် ကြုံတွေ့နေရသော ပြဿနာတစ်ခုမှာ “ခါးရိရောဂါ”ကျရောက်ခြင်းပင်ဖြစ်သည်။ ခါးရိရောဂါသည် သီးနှံ အပင်ဦးရေကို လျော့နည်း‌စေရုံ သာမက အထွက်နှုန်းကိုပါလျော့ကျစေသည့်အတွက် ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးချိန်တွင် ကြိုတင်ပြင်ဆင်နိုင်ရန် အကြံပြုရေးသားရခြင်းဖြစ်ပါသည်။

✅“ခါးရိရောဂါ”သည် မြေဆောင်ရောဂါတစ်မျိုးဖြစ်ပြီး ပဲတီစိမ်း၊ မတ်ပဲ အပင်အောက်ခြေပိုင်းဖြစ်သည့် ပင်စည်နေရာတွင် ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ ထို့နောက်အပင်ခါးရိလာပြီး အပင်အပေါ်ပိုင်း အလေးချိန်ကို မခံနိုင်သည့်အတွက်ယိုင်လဲမှုများ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် ရောဂါဒဏ်ကို မခံနိုင်သည့်အတွက်ကြောင့် စိုက်ခင်းများထဲတွင် အကွက်လိုက်သေဆုံးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

✅မျိုးတစ်မျိုးကို တစ်နေရာတည်း နှစ်စဉ်စိုက်ပျိုးပါက ခါးရိရောဂါ ကျရောက်တတ်ပါသည်။ ရောဂါဖြစ်စေသည့် သက်ရှိမှာ မြေကြီးထဲတွင် တစ်နှစ်ပတ်လုံးနေနိုင်သည့်အတွက် နောက်နှစ်မျိုးစေ့ချချိန်တွင် ကူးစက်ပြီး အပင်ငယ်စဉ် မြေတွင်းအစိုဓာတ်များချိန်တွင်အဓိကအားဖြင့် စတင်ကျရောက်ပါသည်။ ထို့ကြောင့် ဒေသမျိုးတစ်မျိုးထဲကို နှစ်စဉ်ဆက်တိုက်မစိုက်ပျိုးဘဲ သီးလှည့်စိုက်ပျိုးခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။

✅“ခါးရိရောဂါ” ကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများမှာ .....

☑️ဒေသနှင့်ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကိုသာရွေးချယ်စိုက်ပျိုးပါ။

☑️သီးနှံမစိုက်ပျိုးမီ ထည်ထိုး၊ ထွန်မွှေပေးပါ။

☑️သဘာဝမြေဆွေး(နွားချေး၊ ကြက်ချေး) များကို မြေခံတွင်ထည့်သွင်းပေးပါ။

☑️သီးနှံစိုက်ပျိုးပြီးချိန်တွင် စိုက်ခင်းကိုရေမဝပ်စေရန် အထူးဂရုစိုက်ပါ။

☑️နိုက်ထရိုဂျင်မြေသြဇာများကို ပမာဏများများကျွေးခြင်းမှရှောင်ကျဉ်ပါ။

☑️ရောဂါကျရောက်လာပါက ရောဂါရအပင်များကို ဖယ်ရှားဖျက်ဆီးပါ။

☑️သီးနှံမစိုက်ပျိုးမီ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်ပြီးမှစိုက်ပျိုးပါ။

☑️သီးနှံအပင်ပေါက်ပြီးချိန်တွင် ရောဂါဖြစ်စေနိုင်သည့်ရာသီဥတုအခြေအနေဖြစ်ပေါ်လာပါက (သို့မဟုတ်) ရောဂါလက္ခဏာစတင်တွေ့ရှိပါက “ဘာလီဆိုဒ် ၅ အက်စ်အယ်လ်” ဆေးကို အပင်ခြေမြေပြင်အထိရောက်အောင်ပက်ဖျန်းပေးရပါမည်။

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ