menu

အဆိပ်ရှိသောမှို။

မှိုတွင်ပါရှိသော အဆိပ်များနှင့်ပတ်သက်၍ အုပ်စု(၄)စုခွဲခြား၍ လေ့လာထားမှု ပြုနိုင်သော်လည်း အဆိပ်ရှိသောမှိုများကို ယခုအချိန်အထိ တိကျခိုင်မာသော အချက်အလက်များ မသတ်မှတ်နိုင်သေးချေ။ မှိုများကို ပေါက်ရောက်ပုံပေါ်မူတည်၍ယေဘူယျအားဖြင့် (၂)မျိုးခွဲခြားထားသည်။

အခြားသောပစ္စည်းများကိုမှီခို၍ပေါက်
သောမှိုများ။
---------------------------------------------

ယင်းမှိုအမျိုးအစားသည် အခြားသောပစ္စည်းများဖြစ်သည့် သစ်ပင်၊ သစ်တုံး၊ ကောက်ရိုး၊ လွှစာ၊ ဂုံလျှော်အလေအလွင့်၊ ချည်အလေအလွင့်၊ ပဲရိုး၊ ပဲမှော် စသည့် ပစ္စည်းအမျိုးမျိုးကိုမှီခို၍ ပေါက်လေ့ရှိသော မှိုများဖြစ်သည်။များသောအားဖြင့် အဆိပ်အတောက်ကင်းကြသည်။ အဆိပ်အာနိသင်ရှိပါကလည်း အဆိပ်အပြင်းဆုံးအနေဖြင့် မူးမော်ရုံသာဖြစ်သည်။ တခါတရံ အင်ပြင်ကဲ့သို့သော ယားယံ၍ အနီကွက်များပေါ်တတ်သည်။ ယင်းတို့မှာလည်း ခဏမျှသာဖြစ်သည်။ ေ ဆးဖက်ဝင် မှိုအများစုမှာလည်း ဤအုပ်စုတွင်ပါရှိကြသည်။ စားသုံးမှု အရသာအနေဖြင့် လေးလေးပင်ပင် မရှိလှချေ။

မြေကြီးပေါ်တွင်အခြေခံပေါက်သောမှိုများ။
------------------------------------------------

ဤအုပ်စုတွင်ပါဝင်သော မှိုများမှာ မြေကြီးကိုအခြေခံ၍ ပေါက်လေ့ရှိသည်။ ရာသီဥတု အကူးအပြောင်းကာလများတွင်ပွင့်လေ့ရှိသည်။ စားသုံးမှုအရသာလေးလေးပင်ပင်ရှိသည်။ သို့သော်(၄၅)မိနစ်အတွင်း သေနိုင်သောမှိုအပါအဝင် အဆိပ်အမျိုးမျိုးရှိသော မှိုအများစုသည် ဤအုပ်စုတွင်ပါဝင်ကြသည်။

သို့ဖြစ်၍ မြေတွင်ပေါက်သော မှိုများကို အကြောင်းမသိဘဲ စားသုံးရန်မသင့်ချေ။ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ပြည်သူများလက္ခံထားသော အဆိပ်ရှိမှိုလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မှိုရိုးတံအခြေတွင် ခွက်ပါရှိခြင်း
  • မှိုရိုးတံတွင် ခြေချင်းပါရှိခြင်း
  • မှိုပွင့်အရောင် လှပတောက်ပြောင်ခြင်း
  • မှိုထီးရွက်ပေါ်တွင် အကြေးဖတ်များပါရှိခြင်း
  • မှိုပါးဟက်များ အဖြူရောင်ပါရှိခြင်း

မှိုအဆိပ်ရှိမရှိ စမ်းသပ်ကြည့်သည့်နည်းများလည်းရှိသည်။
  • မှိုကိုလက်နှင့်ကိုင်၍ ညှစ်ကြည့်ပါက မကြာခင် လက်တွင်အညိုအမဲများ ဖြစ်ပေါ်လာခြင်း
  • မှိုဟင်းတွင် ထမင်းလုံးထည့်ကြည့်ပါက ဟင်းမဲသွားခြင်း
  • မှိုဟင်းကို စတီးဇွန်းဖြင့် မွှေလိုက်ပါက ဟင်းမဲသွားခြင်း
အထက်ပါ အဆိပ်ရှိမှို၏ သတ်မှတ်ထားသော သွင်ပြင်လက္ခဏာများနှင့် စမ်းသပ်မှုများမှာ တိကျခိုင်မာသော အချက်အလက်များ မဟုတ်ချေ။ မှိုရိုးတံအခြေတွင် ခွက်ပါရှိပါက အဆိပ်ရှိမှိုဟုဆိုပါလျှင် အရသာရှိရှိစားသုံးနေသော ကောက်ရိုးမှိုတွင် အခြေ၌ခွက်ပါရှိနေသည်။ အချို့ စားသုံးနိုင်သော မှိုများ၏ရိုးတံတွင် ခြေချင်းပါရှိနေသည်။

အချို့ဒေသများတွင် နာမည်ကြီ းစားသုံးမှိုတစ်မျိုးဖြစ်သော မှိုသင်္ကန်း၏ မှိုပွင့်အရောင်မှာ တောက်ပသော လိမ္မော်ရောင်ရှိသည်။ ငွေနှင်းမှိှု၊ ငွေမိုးမှိုတို့မှာ အသားဓါတ် များစွာပါဝင်သော စားသုံးမှိုဖြစ်သော်လည်း မှိုပါးဟက်မှာ အဖြူရောင်ဖြစ်သည်။အချို့သော ဆေးဖက်ဝင်မှိုများမှာ ထီးရွက်ပေါ်တွင် အကြေးဖတ်များ ပါရှိကြသည်။

ဤသို့ဆိုလျှင် ဖေါ်ပြခဲ့သော အဆိပ်ရှိမှိုများ၏ လက္ခဏာများမှာ တိကျခိုင်မာသော အဆိပ်ရှိမှိုလက္ခဏာများဟု သတ်မှတ်ရန် ခဲယဉ်းသည်။ လက်ဖြင့်ညှစ်ကြည့်က ညိုမဲရောင်ဖြစ်ခြင်း၊ ထမင်းလုံး စတီးဇွန်းထည့်ကြည့်က မှိုဟင်းမဲသွားခြင်း စသောစမ်းသပ်မှုများကို အရိုးခေါင်းမှိုက အောင်မြင်စွာ ကျော်လွှားနိုင်သည်။ ယင်းသို့ စမ်းသပ်မှုများကို အောင်မြင်သောအရိုးခေါင်းမှိုသည် အဆိပ်အပြင်းဆုံးမှိုဖြစ်၍ စားမိပါက (၄၅)မိနစ်အတွင် သေစေနိုင်သည်။

သို့ဖြစ်၍ အဆိပ်ရှိမရှိ စမ်းသပ်ချက်များမှာလည်း ခိုင်မာသောစမ်းသပ်ချက်များ မဟုတ်ပြန်ပေ။ သို့သော် ဖေါ်ပြပါရုပ်သွင်ပြင် လက္ခဏာများနှင့် စမ်းသပ်ချက်များကို" ဆောင်ရန် " အနေဖြင့်မဟုတ်ဘဲ" ရှောင်ရန် " အနေဖြင့်မူ လက္ခံနိုင်သည်။

အဆိုပါ အရိုးခေါင်းမှိုသည် ရိုးတံအခြေတွင် ခွက်ပါသည်။ ရိုးတံတွင် ခြေချင်းပါသည်။ တောက်ပသော အနီရောင်မှိုထီးရွက် ရှိသည်။ မှိုထီးရွက်ပေါ်တွင် အကြေးဖတ်များ ပါရှိကြသည်။ သို့ဖြစ်၍ အကြောင်းမသိသောမှိုများလူအများမသိသောမှိုများတွင် ဖေါ်ပြပါလက္ခဏာများပါရှိက စားသုံးရန် ရှောင်ကျဉ်သင့်ပေသည်။

သိထားသင့်သည်မှာ အဆိပ်ရှိမှိုတိုင်း ဤလက္ခဏာများ မပါသကဲ့သို့ ဤလက္ခဏာများ ပါရှိသောမှိုတိုင်းလည်း အဆိပ်မရှိကြကြောင်း သိထားရမည်။

ထို့ကြောင့် အဆိပ်ရှိမှို၏ တိကျခိုင်မာသော ရုပ်သွင်ပြင်လက္ခဏာများ၊စမ်းသပ်ချက်များကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းနှင့် မှိုပညာရှင်များ၏သတိပေးပြောကြားချက်မှာ.. " စားသုံးဖူးသော..စားသုံးလေ့ရှိသောမှိုများကိုသာစားပါ ".. ဟူ၍ဖြစ်သည်။

ရုပ်သွင်ပြင် လက္ခဏာကိုကြည့်၍ အဆိပ်ရှိမှိုဟုတ်မဟုတ် ခွဲခြားရခက်ကြောင်းကို အဆိပ်ရှိမှိုဖြစ်သည့် Amanita phalloides နှင့် စားကောင်းသောမှိုဖြစ်သည့် Amanita caesarea တို့ကို ပုံတွင်နှိုင်းယှဉ် ဖေါ်ပြပေးလိုက်ပါသည်။

ကြားဖူးနားဝ ဗဟုသုတအနည်းငယ်ဖြင့် ပြောကြားလာသူတို့၏ စကားကိုယုံကြည်ပြီး စားသုံးမှုမမှားကြစေရန် စေတနာဖြင့်....

Than Win Agri

credit to MAS pamphlets.