ကုလားပဲသီးနှံ အထွက်နှုန်းကောင်းဖို့အတွက် စိုက်ပျိုးချိန်ဟာ အလွန်အရေးကြီးပါတယ်..
ပဲမျိုးစုံသီးနှံများအနက် ကုလားပဲဟာ မြန်မာနိုင်ငံမှာ တတိယစိုက်ဧကအများဆုံးဖြစ်တာ တွေ့ရပါတယ်.. ပြီးတော့ ကုလားပဲဟာ နိုင်ငံအတွင်းမှာ အဓိကစားသုံးနေတဲ့ ပဲထဲမှာပါဝင်နေပြီး ပြည်ပပို့ကုန်အဖြစ်လဲ စျေးကွက်သေချာနေတဲ့ ပဲဖြစ်ပါတယ်.. ကုလားပဲကို အထွက်တိုးအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်တွင်းစားသုံးဖို့လဲ ဖူလုံတဲ့အပြင် ပြည်ပကိုပိုမိုတင်ပို့နိုင်ပြီး ပြည်ပဝင်ငွေလဲ တိုးမြင့်ရလာမှာ မုချပါဘဲ..
ကုလားပဲသီးနှံဟာ များသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အထက်ပိုင်းမှစပြီး မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသတွေမှာ စိုက်ပျိုးမှုများတာကို တွေ့ရပါတယ်.. ကုလားပဲဟာ အပင်ဖြစ်ထွန်းချိန်၊ ပန်းပွင့်ချိန်၊ အသီးဝင်ချိန်တွေမှာ ညအပူချိန်နိမ့် အအေးဓာတ်ရှိပြီး နှင်းကျတာကို ပိုမိုနှစ်သက်ပါတယ်.. ဖြစ်ထွန်းအောင်မြင်ပါတယ်... အထူးသဖြင့် ကုလားပဲကို ဆောင်းရာသီမှာ စိုက်ပျိုးမှုပိုများတာ တွေ့ရပါတယ်.. ကုလားပဲကို ဆောင်းရာသီမှာ လယ်မြေစပါးရိတ်ပြီး လယ်သီးထပ်အဖြစ်လည်းကောင်း၊ ယာမြေတွေမှာ ဆောင်းသီးနှံအဖြစ်လည်းကောင်း စိုက်ပျိုးကြတာ တွေ့ရပါတယ်..
အချို့ဒေသတွေမှာ စပါးရိတ်ပြီး ထယ်ရေး၊ ထွန်ရေးပြင်ပြီး ဆောင်းသီးထပ်အဖြစ် စိုက်ပျိုးကြတာ တွေ့ရပါတယ်.. အချို့ဒေသတွေမှာတော့ စပါးမရိတ်သိမ်းမီ အောင်ရေလွှတ်ပြီးချိန်မှာ သီးကြိုစနစ်နဲ့ စပါးခင်းထဲမှာ ကြဲပက်စိုက်ပျိုးကြတာလဲ တွေ့ရပါတယ်… လယ်သမားကြီးများအခေါ် “ ရေလိုက်ကြဲ” တယ်လို့ ပြောကြပါတယ်.. အညာဒေသမှာ ကုလားပဲစိုက်ခင်းထဲ ဖူးစားပြောင်း၊ နေကြာတို့ကို အတန်းလိုက် သီးညှပ်ထည့်ကြတာလဲ တွေ့ရပါတယ်..
ကုလားပဲဟာ ဆောင်းရာသီ စိုက်ပျိုးရတဲ့ သီးနှံဖြစ်တဲ့အတွက် မိုးရာသီအပြီး မြေတွင်းမှာကျန်နေတဲ့ အစိုဓာတ်ကိုမှီအောင်၊ မိအောင်.. စိုက်ပျိုးနိုင်မှသာ အထွက်နှုန်းကောင်းနိုင်ပါတယ်.. ဒါကြောင့် ကုလားပဲအထွက်နှုန်းကောင်းဖို့ စိုက်ပျိုးချိန်ကိုမှန်အောင် သတိပြုစိုက်ပျိုးဖို့ လိုအပ်ပါတယ်..
ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနဟာ တောင်သူဦးကြီးများရဲ့ သီးနှံများ အထွက်နှုန်းတိုးပြီး လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အစဉ်သုတေသနပြု ဆောင်ရွက်လျက်ရှိပါတယ်.. ကုလားပဲသီးနှံမှာလဲ မျိုး(၃)မျိုးကို စိုက်ပျိုးချိန်အလိုက် အထွက်နှုန်းကောင်းရရှိစေမဲ့ သုတေသနစမ်းသပ်ချက်ကို ဆောင်ရွက်ခဲ့ပါတယ်.. ရေဆင်း သုတေသနရဲ့ တွေ့ရှိချက်ရလာဒ်ကတော့…
အညာဒေသမှာ ရေပန်းစားတဲ့
ICCV2 (ဗွီတူး)ကုလားပဲမျိုး
----------------------------------------------
စိုက်ရက် အထွက်(တင်း)
----------------------------------------------
အောက်တိုဘာ(၁၅) ၁၇.၄
နိုဝင်္ဘာ(၁၅) ၁၉.၆
နိုဝင်္ဘာ(၃၀) ၁၅.၅
ဒီဇင်္ဘာ(၁၅) ၁၃.၄
ဒီဇင်္ဘာ(၃၀) ၆.၇
ရွှေကြေးမုံ ကုလားပဲမျိုး
-----------------------------------------------
စိုက်ရက် အထွက်(တင်း)
----------- -----------------------------------
အောက်တိုဘာ(၁၅) ၁၈.၃
နိုဝင်္ဘာ(၁၅) ၁၆.၅
နိုဝင်္ဘာ(၃၀) ၇.၃
ဒီဇင်္ဘာ(၃၀) ၅.၀
ကရာချိ ကုလားပဲမျိုး
---------------------------------------------
စိုက်ရက် အထွက်(တင်း)
---------- ----------------------------------
အောက်တိုဘာ(၁၅) ၁၈.၂
နိုဝင်္ဘာ(၁၅) ၁၈.၁
နိုဝင်္ဘာ(၃၀) ၁၆.၄
ဒီဇင်္ဘာ(၁၅) ၆.၁
ဒီဇင်္ဘာ(၃၀) ၃.၃
သုတေသနရလာဒ်များအရ ကုလားပဲမျိုးများသည် အောက်တိုဘာ(၁၅)ရက်မှ နိုဝင်ဘာ(၁၅)ရက်အတွင်း စိုက်ပျိုးခြင်းဟာ အထွက်အမြင့်ဆုံးရရှိနိုင်ပြီး နိုဝင်ဘာ(၃၀)ရက်အတွင်း စိုက်ပျိုးပါက အထွက်အနည်းငယ်ကောင်းတာကို တွေ့ရပါတယ်.. နိုဝင်ဘာလ(၃၀)ရက်ထက် နောက်ကျစိုက်ပျိုးရင်တော့ အထွက် ၅၀-၇၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ ပြောပါတယ်..
သို့ပါ၍ တောင်သူလယ်သမားကြီးများ ကုလားပဲအထွက် အမြင့်ဆုံးရရှိစေရန် စိုက်ချိန်ကို သတိပြုကြပါလို့ ပြောပါရစေခင်မျာ…။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်.. ကိုကူးယူဖော်ပြပါသည်။